တောလည်ရာကျမ်း 16
16
ကောရလူစုဆန့်ကျင်ခြင်း
1လေဝိ၏မြစ်၊ ကောဟတ်၏မြေး၊ ဣဇဟာ၏သား ကောရသည် ရုဗင်သားမြေး၊ ဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩန တို့ကိုခေါ်၍ 2လူအစုအဝေးထဲမှ ရွေးကောက်တင်မြှောက်ထားသည့် နာမည်ကျော်စောသော အစ္စရေးအမျိုးသား လူထုခေါင်းဆောင် အယောက်နှစ်ရာ့ငါးဆယ်တို့နှင့်အတူ မောရှေအား ဆန့်ကျင်ကြ၏။ 3ထိုသူတို့သည် စုရုံး၍ မောရှေနှင့်အာရုန်အား “သင်တို့ တရားလွန်နေပြီ။ လူထုအပေါင်းတို့သည် တစ်ယောက်မကျန် သန့်ရှင်းကြ၏။ ထာဝရဘုရားသည်လည်း သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရား၏လူအစုအဝေးအပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်ရသနည်း”ဟု ဆိုလေ၏။
4မောရှေသည် ထိုစကားကိုကြားသောအခါ ပျပ်ဝပ်လျက်နေလေ၏။ 5ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။ 6ကောရနှင့်အပေါင်းပါအားလုံးတို့၊ ဤသို့ပြုကြလော့။ သင်တို့သည် မီးကျီးခံဗန်းများကိုယူ၍ 7မနက်ဖြန် ထာဝရဘုရားရှေ့တော်၌ ထိုမီးကျီးခံဗန်းများထဲသို့ မီးထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်လော့။ ထာဝရဘုရားရွေးချယ်တော်မူသောသူသည် သန့်ရှင်းသောသူဖြစ်လိမ့်မည်။ အို လေဝိသားမြေးတို့၊ သင်တို့ တရားလွန်နေပြီ”ဟု ပြန်ပြောလေ၏။
8တစ်ဖန် မောရှေက ကောရအား “လေဝိသားမြေးတို့၊ နားထောင်ကြလော့။ 9အစ္စရေးအမျိုး၏ဘုရားသခင်သည် သင်တို့အား မိမိအထံတော်သို့ချဉ်းကပ်ရန်၊ ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောအမှုကို ဆောင်ရွက်ရန်၊ လူထုတို့၏ရှေ့၌ရပ်လျက် သူတို့အမှုကိုဆောင်ရွက်ရန် အစ္စရေးလူထုထဲမှ ခွဲခြားထားသည်မှာ သေးငယ်သောအမှုလော။ 10ကိုယ်တော်သည် သင်နှင့်တကွ လေဝိသားမြေးများဖြစ်သည့် သင်၏အမျိုးသားချင်းအပေါင်းတို့ကိုလည်း ချဉ်းကပ်ခွင့်ပေးတော်မူ၏။ သို့ရာတွင် သင်တို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကိုပါ ရှာကြံကြသည်တကား။ 11ထို့ကြောင့် သင်နှင့်သင့်အပေါင်းပါအားလုံးတို့သည် စုဝေး၍ ထာဝရဘုရားကိုဆန့်ကျင်သောသူများဖြစ်ကြ၏။ အာရုန်သည် မည်သို့သောသူဖြစ်၍ သင်တို့သည် သူ့ကို အပြစ်တင်ကြသနည်း”ဟု ဆိုလေ၏။
12ထို့နောက် မောရှေသည် ဧလျာဘ၏သား ဒါသန်နှင့်အဘိရံကို ဆင့်ခေါ်၏။ သို့သော် သူတို့က “ငါတို့မလာ။ 13ငါတို့ကို ဤတောကန္တာရထဲ၌ သေစေရန် နို့နှင့်ပျားရည်စီးသောပြည်မှ ထုတ်ဆောင်ခဲ့သည်မှာ မလုံလောက်ဘဲ ငါတို့အပေါ် မင်းအဖြစ် အုပ်စိုးလိုသေးသလော။ 14သင်သည် ငါတို့ကို နို့နှင့်ပျားရည်စီးသောပြည်သို့ မပို့ဆောင်၊ အမွေအဖြစ် လယ်ယာနှင့်စပျစ်ခြံကိုလည်း ငါတို့အားမပေး။ ဤသူတို့၏မျက်စိကိုလည်း ဖောက်လိုသလော။ ငါတို့မလာ”ဟု ဆိုကြ၏။
15ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။ 16ထို့နောက် မောရှေက ကောရအား “မနက်ဖြန် သင်နှင့် သင်၏အပေါင်းပါအားလုံး ထာဝရဘုရားရှေ့တော်သို့လာကြလော့။ သင်တို့နှင့်အတူ အာရုန်လည်း ရှိလိမ့်မည်။ 17သင်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ယူ၍ နံ့သာပေါင်းကိုထည့်ရမည်။ သင်နှင့်အာရုန်မှစ၍ သင်၏အပေါင်းပါအယောက်နှစ်ရာ့ငါးဆယ်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာရမည်”ဟု ဆို၏။
18ထို့ကြောင့် သူတို့သည် အသီးသီး မိမိတို့၏မီးကျီးခံဗန်းကိုယူ၍ မီးကိုထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်၏။ ထို့နောက် မောရှေ၊ အာရုန်တို့နှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ရပ်နေကြ၏။ 19ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍ 20ထာဝရဘုရားက မောရှေနှင့်အာရုန်အား 21“ဤလူထုအပေါင်းတို့နှင့် ခွဲနေလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးမည်”ဟု မိန့်တော်မူ၏။ 22ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
23ထာဝရဘုရားကလည်း မောရှေအား
24“ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြရန် လူထုတို့အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
25မောရှေသည်လည်း ဒါသန်နှင့်အဘိရံတို့ထံသို့ ထသွားသဖြင့် အစ္စရေးသက်ကြီးဝါကြီးတို့သည် သူ့နောက်သို့လိုက်သွားကြ၏။ 26မောရှေက လူထုတို့အား “ဤဆိုးယုတ်သောသူတို့၏တဲများမှ ဖယ်ခွာကြလော့။ သူတို့ပိုင်သောအရာတစ်စုံတစ်ခုကိုမျှ မထိကြနှင့်။ ထိမိလျှင် သူတို့အပြစ်များကြောင့် သင်တို့ပါ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလျှင် 27လူတို့သည် ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြလေ၏။ ဒါသန်နှင့်အဘိရံသည်လည်း မိမိတို့၏သားမယားများနှင့် ကလေးငယ်များပါထွက်လာ၍ တဲအဝင်ဝ၌ ရပ်နေကြ၏။
28မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။ 29ဤလူတို့သည် လူတိုင်းသေသကဲ့သို့ပင် သေရကြလျှင်၊ လူတိုင်းတွေ့ကြုံရသကဲ့သို့ပင် တွေ့ကြုံရကြလျှင် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ 30ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
31ထိုစကားအားလုံးကို မောရှေပြောပြီးသည်နှင့် ထိုသူတို့နင်းထားသောမြေသည် အက်ကွဲလေ၏။ 32မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ သူတို့နှင့်သူတို့၏အိမ်သူအိမ်သားများ၊ ကောရနှင့်ဆိုင်သောသူရှိသမျှ၊ သူတို့၏ဥစ္စာရှိသမျှတို့ကို မျိုလေ၏။ 33ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။ 34ထိုသူတို့၏အော်သံကို သူတို့ပတ်ပတ်လည်၌ရှိသော အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ “ငါတို့ကိုလည်း မြေမျိုလိမ့်မည်”ဟု ဆိုလျက် ထွက်ပြေးကြ၏။ 35ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
36တစ်ဖန် ထာဝရဘုရားက မောရှေအား
37“မီးကျီးခံဗန်းတို့သည် သန့်ရှင်းသည်ဖြစ်၍ အာရုန်၏သား ယဇ်ပုရောဟိတ်ဧလာဇာအား မီးလောင်နေသောနေရာထဲမှ ထိုမီးကျီးခံဗန်းတို့ကို ထုတ်ယူမည့်အကြောင်း ဆင့်ဆိုလော့။ မီးခဲကိုကား အဝေးသို့သွန်ပစ်စေလော့။ 38အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
39မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း မီးလောင်ခြင်းခံရသောသူတို့ပူဇော်သည့် ကြေးနီမီးကျီးခံဗန်းတို့ကိုယူ၍ ယဇ်ပလ္လင်ကိုဖုံးရန် အပြားခတ်ကြ၏။ 40ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
41နောက်တစ်နေ့တွင် အစ္စရေးအမျိုးသားလူထုအပေါင်းတို့က မောရှေနှင့်အာရုန်အား “သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီ”ဟု အပြစ်တင်ပြောဆိုကြ၏။ 42ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။
43မောရှေနှင့်အာရုန်သည်လည်း တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ လာကြ၏။ 44ထိုအခါ ထာဝရဘုရားက မောရှေအား 45“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
46ထို့နောက် မောရှေက အာရုန်အား “မီးကျီးခံဗန်းကိုယူ၍ ယဇ်ပလ္လင်ပေါ်ရှိမီးကို ထိုဗန်းထဲသို့ထည့်ပြီးလျှင် နံ့သာပေါင်းကိုတင်လော့။ လူထုထံသို့အလျင်အမြန်ယူသွား၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးလော့။ ထာဝရဘုရားထံမှ အမျက်တော်ထွက်သဖြင့် ဘေးဒဏ်ကျရောက်စပြုလေပြီ”ဟု ဆို၏။ 47အာရုန်လည်း မောရှေပြောသည့်အတိုင်း ယူ၍လူအစုအဝေးအလယ်သို့ ပြေးသွားလေ၏။ ထိုအချိန်၌ လူတို့အလယ်တွင် ဘေးဒဏ်ကျရောက်စပြုလေပြီ။ အာရုန်သည်လည်း နံ့သာပေါင်းကို ပူဇော်၍ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး 48သေသူနှင့် ရှင်သူတို့ကြား ရပ်နေ၏။ ဘေးဒဏ်လည်းငြိမ်းလေ၏။ 49ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။ 50ဘေးဒဏ်ငြိမ်းသောအခါ အာရုန်သည် မောရှေရှိရာ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ပြန်လာ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative