YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 14

14
အစ္စရေးအမျိုးသားတို့ ခါနာန်ပြည်သို့မဝင်လိုကြောင်း ငြင်းဆန်ကြခြင်း
1ထိုအခါ လူထု​အပေါင်း​တို့​သည် ကျယ်လောင်​စွာ​အော်ဟစ်​ကြ​၏​။ ထို​ည​၌​လည်း လူ​တို့​သည် ငိုကြွေး​ကြ​၏​။ 2အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​ကို​အပြစ်တင်​လျက် “​ငါ​တို့​သည် အီဂျစ်​ပြည်​၌ သေ​ခဲ့​ပါစေလား​၊ သို့မဟုတ်လျှင်လည်း ဤ​တောကန္တာရ​၌ သေ​ခဲ့​ပါစေလား​။ 3ငါ​တို့​ကို ဓား​ဖြင့်​သေ​စေရန် ထာဝရဘုရား​သည် အဘယ်ကြောင့် ဤ​ပြည်​သို့​ခေါ်ဆောင်​ခဲ့​သနည်း​။ ငါ​တို့​၏​မယား​နှင့်​ကလေး​တို့​သည် လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​သို့​ပြန်သွား​လျှင် ငါ​တို့​အတွက် သာ၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။ 4ထို့ပြင် သူ​တို့​က “​ငါ​တို့​သည် အကြီးအမှူး​တစ်​ဦး​ကို တင်မြှောက်​၍ အီဂျစ်​ပြည်​သို့​ပြန်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။
5ထိုအခါ မောရှေ​နှင့်​အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အစုအဝေး​အပေါင်း​တို့​၏​ရှေ့​၌ ပျပ်ဝပ်​လျက်​နေ​ကြ​၏​။ 6ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​သူ​တို့​ထဲမှ နုန်​၏​သား ယောရှု​နှင့် ယေဖုန္နာ​၏​သား ကာလက်​သည် မိမိ​တို့​အဝတ်​ကို ဆုတ်ဖြဲ​လျက် 7အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် အလွန်တရာ​သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​။ 8ထာဝရဘုရား​သည် ငါ​တို့​ကို​နှစ်သက်​တော်မူ​လျှင် နို့​နှင့်​ပျားရည်​စီး​သော ထို​ပြည်​သို့ ငါ​တို့​ကို​ပို့ဆောင်​၍ ငါ​တို့​အား ထို​ပြည်​ကို ပေး​တော်မူ​လိမ့်မည်​။ 9ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်​။ ထို​ပြည်​၌​ရှိ​သော​လူ​တို့​ကို​လည်း မ​ကြောက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ငါ​တို့​အစာ​ဖြစ်​၏​။ သူ​တို့​၌ အကာအကွယ်​ပေး​မည့်​သူ​မ​ရှိ​။ ငါ​တို့​၌ ထာဝရဘုရား​ရှိ​၏​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု ဆို​၏​။
10သို့သော် လူထု​အပေါင်း​တို့​သည် သူ​တို့​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ရှေ့​တွင် ထင်ရှား​လေ​၏​။
အစ္စရေးအမျိုးသားတို့ပုန်ကန်သဖြင့် ထာဝရဘုရားဒဏ်ခတ်ခြင်း
11ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။ 12ငါ​သည် သူ​တို့​ကို ကပ်ရောဂါ​ဘေး​ဖြင့် ဒဏ်ခတ်​၍ ဖျက်ဆီး​မည်​။ သင့်​ကို​ကား သူ​တို့​ထက် ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
13သို့သော် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် ဤ​လူမျိုး​ကို အီဂျစ်​လူမျိုး​တို့​အလယ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို အီဂျစ်​လူမျိုး​တို့​ကြား​ကြ​၍ 14ဤ​ပြည်​၌​နေထိုင်​သော​သူ​တို့​အား ပြောပြ​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​အလယ်​၌ ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​ကို ကိုယ်တိုင်​မြင်​ရ​၍ ကိုယ်တော်​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​၌​တည်​လျက် နေ့​အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​အားဖြင့် ကိုယ်တော်​သည် သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​ကြောင်း​ကို​လည်းကောင်း ဤ​ပြည်သား​တို့​ကြား​ထား​ကြ​ပါ​ပြီ​။ 15ကိုယ်တော်​သည် ဤ​လူမျိုး​ကို တစ်ပြိုင်တည်း#14:15 တိုက်ရိုက်ပြန်ဆိုလျှင် “လူတစ်ယောက်တည်းကဲ့သို့”။ ကွပ်မျက်​တော်မူ​လျှင် ကိုယ်တော်​၏​သတင်း​ကို​ကြား​ထား​သော​လူမျိုး​တို့​က 16‘​ထာဝရဘုရား​သည် ဤ​လူမျိုး​ကို သူ​ကျိန်ဆို​ထား​သော​ပြည်​ထဲသို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့် သူ​တို့​ကို တောကန္တာရ​ထဲ၌ အဆုံးစီရင်​ပြီ​’​ဟု ပြောဆို​ကြ​ပါ​လိမ့်မည်​။ 17သို့ဖြစ်၍ အကျွန်ုပ်​ဘုရားရှင်​၊ ယခုမှာ ကိုယ်တော်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​သည် ထင်ရှား​ပါစေသော​။ 18‘​ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​၊ ဖခင်​တို့​၏​အပြစ်​ကို သားမြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သည်​နှင့်အညီ ဖြစ်​ပါစေသော​။ 19ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကြီးမြတ်​သည်​နှင့်အမျှ ကိုယ်တော်​သည် ဤ​လူမျိုး​ကို အီဂျစ်​ပြည်​က​ထွက်​သော​နေ့​မှစ၍ ယခု​တိုင်အောင် ခွင့်လွှတ်​တော်မူ​ခဲ့​သည့်​နည်းတူ ဤ​လူမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်ဆို​လေ​၏​။
20ထာဝရဘုရား​က​လည်း “​သင်​လျှောက်ဆို​သည့်​အတိုင်း ငါ​ခွင့်လွှတ်​ပြီ​။ 21ငါ​သည် အမှန်ပင်​အသက်ရှင်​သည်​ဖြစ်၍ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​နှင့်​ပြည့်​လိမ့်မည်​။ 22အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့် 23ထို​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ကို သူ​တို့​တွေ့မြင်​ရ​ကြ​မည်​မ​ဟုတ်​။ ငါ့​ကို​မထီလေးစား​ပြု​သော​သူ​တစ်စုံတစ်ဦး​မျှ ထို​ပြည်​ကို​တွေ့မြင်​ရ​မည်​မ​ဟုတ်​။ 24ငါ့​အစေအပါး​ကာလက်​မူကား ခြားနား​သော​စိတ်ဝိညာဉ်​ရှိ​ပြီး ငါ့​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ငါ​သည် သူ​သွား​ခဲ့​သော​ပြည်​သို့ သူ့​ကို​ပို့ဆောင်​၍ သူ့​သားမြေး​တို့​သည် ထို​ပြည်​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။ 25အာမလက်​လူမျိုး​နှင့်​ခါနာန်​လူမျိုး​တို့​သည် ချိုင့်ဝှမ်း​၌ နေထိုင်​ကြ​သည်​ဖြစ်၍ မနက်ဖြန် သင်​တို့​ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။
26တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 27“​ဤ​ဆိုးညစ်​သော​လူထု​သည် ငါ့​ကို မည်မျှ​ကြာ​အောင် အပြစ်တင်​နေ​ကြ​မည်နည်း​။ ငါ့​ကို အပြစ်တင်​နေ​ကြ​သည့် အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ရ​ပြီ​။ 28ထို့ကြောင့် သူ​တို့​အား ‘​ငါ အသက်ရှင်​သည်​ဖြစ်၍ ငါ​ကြားသိ​အောင် သင်​တို့​ပြော​ခဲ့​သည့်​စကား​အတိုင်း သင်​တို့​အား ငါ အမှန်တကယ်​ပြု​မည်​။ 29စာရင်းကောက်​ရာ​တွင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စာရင်းဝင်​သော​သူ​ရှိသမျှ​တို့​သည် ငါ့​ကို အပြစ်တင်​ကြ​သည်​ဖြစ်၍ ဤ​တောကန္တာရ​ထဲ၌ သူ​တို့​၏​အလောင်းကောင်​များ ကျန်ရစ်​ရ​လိမ့်မည်​။ 30ထို​ပြည်​ကို သင်​တို့​နေထိုင်​ရာ​ဖြစ်စေ​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ထဲသို့ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​မှလွဲ၍ မည်သူ​မျှ​ဝင်​ရ​လိမ့်မည်​မ​ဟုတ်​။ 31လုယူဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​ဟု သင်​တို့​ပြော​ခဲ့​သော သင်​တို့​၏​ကလေး​တို့​ကို ငါ​ပို့ဆောင်​မည်​ဖြစ်၍ သင်​တို့​စွန့်ပစ်​သော ထို​ပြည်​ကို သူ​တို့ သိမြင်​ရ​ကြ​လိမ့်မည်​။ 32သင်​တို့​၏​အလောင်းကောင်​များ​မူကား ဤ​တောကန္တာရ​ထဲ၌ ကျန်ရစ်​ရ​လိမ့်မည်​။ 33ဤ​တောကန္တာရ​ထဲ၌ သင်​တို့ အလောင်းကောင်​ဖြစ်ကုန်​သည်​အထိ သင်​တို့​၏​သားသမီး​တို့​သည် သင်​တို့​ဖောက်ပြန်​သော​အပြစ်​ကို​ဆောင်​လျက် ဤ​တောကန္တာရ​ထဲတွင် အနှစ်​လေးဆယ်​လှည့်လည်​ရ​ကြ​လိမ့်မည်​။ 34သင်​တို့​သည် ထို​ပြည်​ကို​ရက်​ပေါင်း​လေးဆယ်​စူးစမ်း​ခဲ့​သည်​ဖြစ်၍ ထို​ရက်​များ​၏​အရေအတွက်​အတိုင်း တစ်ရက်​ကို တစ်နှစ်​ကျ​ဖြင့် သင်​တို့​၏​ဒုစရိုက်ဝန်​ကို နှစ်ပေါင်း​လေးဆယ်​ဆောင်​ရ​မည်​။ ဤသို့ ငါ​ဆန့်ကျင်​သည်​ကို သင်​တို့​သိ​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​ဟု ဆင့်ဆို​လော့​။ 35ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ကို ဆန့်ကျင်​စုဝေး​ကြ​သည့် ဤ​ဆိုးညစ်​သော​လူထု​အပေါင်း​တို့​ကို ငါ​သည် ထိုသို့​ပြု​မည်​။ သူ​တို့​သည် ဤ​တောကန္တာရ​ထဲ၌ လမ်းဆုံး​ကြ​ရ​လိမ့်မည်​။ ထို​အရပ်​တွင် သင်​တို့ သေဆုံး​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
36ထို​ပြည်​ကို​စူးစမ်း​ရန် မောရှေ​စေလွှတ်​ခဲ့​သော​သူ​တို့​သည် ပြန်လာ​ပြီး ထို​ပြည်​နှင့်​ပတ်သက်၍ မကောင်းသတင်း​ဖြန့်​လျက် လူထု​အပေါင်း​တို့​ကို ညည်းညူ​စေ​ခဲ့​ကြ​၏​။ 37ထို​ပြည်​၏​မကောင်းသတင်း​ကို​ဖြန့်​သော​သူ​တို့​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ကာလနာ​ဘေး​ဖြင့်​သေ​ကြ​လေ​၏​။ 38ထို​ပြည်​ကို​စူးစမ်း​ရန် သွား​ခဲ့​သော​သူ​တို့​ထဲမှ နုန်​၏​သား ယောရှု​နှင့် ယေဖုန္နာ​၏​သား ကာလက်​တို့​မူကား အသက်ချမ်းသာ​ရာ​ရ​ကြ​၏​။
အစ္စရေးအမျိုးသားတို့ချေမှုန်းခံရခြင်း
39မောရှေ​သည် ထို​စကား​တို့​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား ဆင့်ဆို​သောအခါ လူ​တို့​သည် ပြင်းထန်​စွာ​ငိုကြွေးမြည်တမ်း​ကြ​၏​။ 40ထို့နောက် သူ​တို့​သည် နံနက်​စောစောထ​၍ တောင်​ထိပ်​သို့​တက်သွား​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​နေရာ​သို့​သွား​ပါ​မည်​။ အကြောင်းမှာ အကျွန်ုပ်​တို့​သည် ပြစ်မှား​မိ​ကြ​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။
41မောရှေ​က “​သင်​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ကို အဘယ်ကြောင့် ကျူးလွန်​ကြ​သနည်း​။ ဤ​အမှု​သည် အောင်မြင်​မည်​မ​ဟုတ်​။ 42သင်​တို့ တက်​မ​သွား​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​။ 43အာမလက်​လူမျိုး​၊ ခါနာန်​လူမျိုး​တို့​သည် သင်​တို့​ထက်​အလျင် ထို​အရပ်​၌ ရှိ​နှင့်​သည်​ဖြစ်၍ သင်​တို့​သည် ဓား​ဖြင့် ကျဆုံး​ရ​လိမ့်မည်​။ သင်​တို့​သည် ထာဝရဘုရား​ထံ​မှ ပြန်လှည့်​သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။
44သို့သော် သူ​တို့​သည် တောင်​ထိပ်​သို့ တဇွတ်ထိုး​တက်သွား​ကြ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့် မောရှေ​မူကား တပ်စခန်း​ထဲ​မှ မ​ထွက်ခွာ​ဘဲ​နေ​၏​။ 45ထိုအခါ တောင်ပေါ်ဒေသ​၌ နေထိုင်​နှင့်​သော​ခါနာန်​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့​သည် ဆင်းလာ​၍ သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ ဟောမာ​အရပ်​တိုင်အောင် သူ​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ