YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 13

13
ခါနာန်ပြည်ကိုစူးစမ်းခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​မည့် ခါနာန်​ပြည်​ကို​စူးစမ်း​ရန် ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို စေလွှတ်​လော့​”​ဟု မိန့်​တော်မူ​၏​။ 3ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​၏​အကြီးအမှူး​များ​ကို ပါရန်​တောကန္တာရ​မှ စေလွှတ်​၏​။ 4ထို​သူ​တို့​၏​အမည်​ကား
ရုဗင်​အမျိုးအနွယ်​မှ ဇက္ကုရ​၏​သား ရှမွာ​၊
5ရှိမောင်​အမျိုးအနွယ်​မှ ဟောရိ​၏​သား ရှာဖတ်​၊
6ယုဒ​အမျိုးအနွယ်​မှ ယေဖုန္နာ​၏​သား ကာလက်​၊
7ဣသခါ​အမျိုးအနွယ်​မှ ယောသပ်​၏​သား ဣဂါလ​၊
8ဧဖရိမ်​အမျိုးအနွယ်​မှ နုန်​၏​သား ဟောရှေ​၊
9ဗင်္ယာမိန်​အမျိုးအနွယ်​မှ ရာဖု​၏​သား ပါလတိ​၊
10ဇာဗုလုန်​အမျိုးအနွယ်​မှ သောဒိ​၏​သား ဂါဒျေလ​၊
11ယောသပ်​အမျိုးအနွယ်​ဖြစ်​သည့် မနာရှေ​အမျိုးအနွယ်​မှ သုသိ​၏​သား ဂဒ္ဒိ​၊
12ဒန်​အမျိုးအနွယ်​မှ ဂေမလ္လိ​၏​သား အမျေလ​၊
13အာရှာ​အမျိုးအနွယ်​မှ မိက္ခေလ​၏​သား သေသုရ​၊
14နဿလိ​အမျိုးအနွယ်​မှ ဝါဖသိ​၏​သား နာဘိ​၊
15ဂဒ်​အမျိုးအနွယ်​မှ မာခိ​၏​သား ဂွေလ တို့​ဖြစ်​ကြ​၏​။
16ဤသည်ကား ခါနာန်​ပြည်​ကို စူးစမ်း​ရန် မောရှေ​စေလွှတ်​သော​သူ​တို့​၏​အမည်​များ​ဖြစ်​၏​။ မောရှေ​သည် နုန်​၏​သား ဟောရှေ​ကို ယောရှု​ဟု မှည့်ခေါ်​၏​။
17မောရှေ​က ခါနာန်​ပြည်​ကို​စူးစမ်း​ရန် စေလွှတ်​သော​သူ​တို့​အား “​သင်​တို့​သည် ဤ​နေဂေ့​အရပ်​မှ​ဖြတ်​၍ တောင်ပေါ်ဒေသ​သို့ တက်သွား​ရ​မည်​။ 18ထို​ပြည်​သည် မည်သို့သော​ပြည်​ဖြစ်​သနည်း​၊ ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် နည်း​သလော​၊ များ​သလော​၊ အားကြီး​သလော​၊ အားနည်း​သလော​၊ 19သူ​တို့​နေထိုင်​သော​ပြည်​သည် ကောင်း​သလော​၊ ဆိုး​သလော​။ သူ​တို့​နေထိုင်​သော​မြို့​တို့​သည် တပ်စခန်း​ဖြင့်​လော​၊ ခိုင်ခံ့​သော​မြို့​လော​။ 20ထို​ပြည်​သည် ကြွယ်ဝ​သလော​၊ ဆင်းရဲ​သလော​။ ထို​ပြည်​ထဲ၌ အပင်​ရှိ​သလော​၊ မ​ရှိ​သလော စသည်​ဖြင့် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ သင်​တို့​သည် ရဲရင့်​ခြင်း​ရှိ​ရ​မည်​။ ထို​ပြည်​မှ အသီး​အချို့​ကို​ယူဆောင်​လာ​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ထို​အချိန်​သည် စပျစ်သီး အဦးဆုံး​မှည့်​သော​အချိန်​ဖြစ်​၏​။
21ထို​သူ​တို့​သည် တက်သွား​၍ ဇိန​တောကန္တာရ​မှ လီဘိုဟာမတ်​အရပ်​အနီး ရဟောဘ​အရပ်​တိုင်အောင် ထို​ပြည်​ကို စူးစမ်း​ကြ​၏​။ 22သူ​တို့​သည် နေဂေ့​အရပ်​သို့​တက်သွား​၍ ဟေဗြုန်​မြို့​သို့​ရောက်​ကြ​၏​။ ထို​မြို့​၌ အာနက​အနွယ်ဝင် အဟိမန်​၊ ရှေရှဲ​နှင့် တာလမဲ​တို့​နေထိုင်​ကြ​၏​။ (​ဟေဗြုန်​မြို့​သည် အီဂျစ်​ပြည်​ရှိ​ဇောန​မြို့ မ​တည်​မီ ခုနစ်​နှစ်​က တည်​သော​မြို့​ဖြစ်​၏​။​) 23သူ​တို့​သည် ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​သောအခါ ထို​အရပ်​မှ စပျစ်သီး​အပြွတ်လိုက်​ပါ​သော​စပျစ်ခိုင်​တစ်​ခိုင်​ကို အကိုင်း​နှင့်တကွ​ခုတ်ယူ​၍ သလဲသီး​၊ သဖန်းသီး​အချို့​တို့​နှင့်အတူ ထမ်းပိုး​ဖြင့် လူ​နှစ်​ယောက်​ထမ်းလာ​ကြ​၏​။ 24(​အစ္စရေး​အမျိုးသား​တို့ ထို​အရပ်​မှ ခုတ်ယူ​ခဲ့​သော​စပျစ်​အပြွတ်အခိုင်​ကို​အကြောင်းပြု​၍ ထို​အရပ်​ကို ဧရှကောလ#13:24 “အပြွတ်အခိုင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ချိုင့်ဝှမ်း​ဟု ခေါ်​၏​။​) 25အရက်​လေးဆယ်​ပြည့်​သောအခါ သူ​တို့​သည် ထို​ပြည်​ကို​စူးစမ်း​ရာ​မှ ပြန်လာ​ကြ​၏​။
ခါနာန်ပြည်အကြောင်းအစီရင်ခံခြင်း
26သူ​တို့​ပြန်လာ​ကြ​၍ ကာဒေရှ​အရပ်​၊ ပါရန်​တောကန္တာရ​ရှိ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထံသို့ ရောက်​ကြ​သောအခါ မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ အစီရင်ခံ​၍ ထို​ပြည်​မှ​ယူလာ​သော​အသီး​ကို​ပြ​ကြ​၏​။ 27သူ​တို့​က “​အကျွန်ုပ်​တို့​အား ကိုယ်တော်​စေလွှတ်​သော​ပြည်​သို့ အကျွန်ုပ်​တို့​ရောက်​ခဲ့​ပါ​၏​။ အမှန်ပင် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ဖြစ်​ပါ​၏​။ ဤ​အသီး​ကား ထို​ပြည်​မှ​ထွက်​သော​အသီး​ဖြစ်​ပါ​၏​။ 28သို့သော်လည်း ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​ပြီး မြို့​များ​သည် အလွန်​ခိုင်ခံ့​ကြီးမား​ပါ​၏​။ ထိုမျှမက အာနက​အနွယ်ဝင်​တို့​ကို​လည်း ထို​အရပ်​၌ အကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ပါ​၏​။ 29အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။
30ထိုအခါ ကာလက်​သည် မောရှေ​ရှေ့​၌​ရှိ​သော လူ​တို့​ကို​တိတ်ဆိတ်​စေ​ပြီး “​ငါ​တို့​သည် ထို​ပြည်​ကို အနိုင်ရ​မည်​မှာ​သေချာ​၏​။ ယခုပင် တက်သွား​၍ ထို​ပြည်​ကို​သိမ်းပိုက်​ကြ​စို့​”​ဟု ဆို​လေ​၏​။
31သို့သော် သူ​နှင့်အတူ​သွား​ခဲ့​သော​သူ​တို့​က “​ထို​သူ​တို့​သည် ငါ​တို့​ထက်​အားကြီး​သောကြောင့် သူ​တို့​ကို တိုက်ခိုက်​ရန်​မ​ဖြစ်နိုင်​ပါ”​ဟု ဆို​ကြ​၏​။ 32သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌ မိမိ​တို့​စူးစမ်း​ခဲ့​သော​ပြည်​၏​မကောင်းသတင်း​ကို ဖြန့်​ကြ​၏​။ သူ​တို့​က “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် မိမိ​ပြည်သား​တို့​ကို​ဝါးမျို​သော​ပြည်​ဖြစ်ပြီး ထို​ပြည်​၌ ငါ​တို့​တွေ့​ခဲ့​သော​လူ​အားလုံး​တို့​သည် ထွားကျိုင်း​ကြ​၏​။ 33ထို​အရပ်​၌ ဧရာမလူ#13:33 မူရင်းစကားလုံး၏အသံထွက်အရ “နဖိလိမ်”။​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ