YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 1

1
အစ္စရေးလူမျိုးတို့ကို သန်းခေါင်စာရင်းကောက်ခြင်း
1အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ ပထမ​နေ့​၌ သိနာ​တောကန္တာရ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။ 3သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။ 4အမျိုးအနွယ်​အသီးသီး​ထဲမှ တစ်မျိုး​တစ်ယောက်စီ သင်​တို့​နှင့်အတူ​ရှိ​ရ​မည်​။ သူ​တို့​တစ်ဦးစီ​သည် မိမိ​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​၌ အကြီးအမှူး​ဖြစ်​ရ​မည်​။ 5သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား
ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊
6ရှိမောင်​အမျိုး​မှ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၊
7ယုဒ​အမျိုး​မှ အမိနဒပ်​၏​သား နာရှုန်​၊
8ဣသခါ​အမျိုး​မှ ဇုအာ​၏​သား နာသနေလ​၊
9ဇာဗုလုန်​အမျိုး​မှ ဟေလုန်​၏​သား ဧလျာဘ​၊
10ယောသပ်​၏​သား​တို့​တွင် ဧဖရိမ်​အမျိုး​မှ အမိဟုဒ်​၏​သား ဧလိရှမာ​၊ မနာရှေ​အမျိုး​မှ ပေဒါဇုရ​၏​သား ဂါမလျေလ​၊
11ဗင်္ယာမိန်​အမျိုး​မှ ဂိဒေါနိ​၏​သား အဘိဒန်​၊
12ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊
13အာရှာ​အမျိုး​မှ ဩကရန်​၏​သား ပါဂျေလ​၊
14ဂဒ်​အမျိုး​မှ ဒွေလ​၏​သား ဧလျာသပ်​၊
15နဿလိ​အမျိုး​မှ ဧနန်​၏​သား အဟိရ တို့​ဖြစ်​ကြ​၏​။
16ထို​သူ​တို့​သည် လူထု​ထဲမှ ရွေးကောက်​ထား​သော​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ အစ္စရေး​မျိုးနွယ်စု#1:16 တိုက်ရိုက်ပြန်ဆိုလျှင် “အစ္စရေးအယောက်တစ်ထောင်”။​တို့​၏​အကြီးအမှူး​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။
17မောရှေ​နှင့်​အာရုန်​သည် နာမည်​အရွေး​ခံရ​သော ထို​သူ​တို့​ကို​ခေါ်​၍ 18ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။ 19မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။
20အစ္စရေး​၏​သားဦး​ဖြစ်​သော ရုဗင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ 21ရုဗင်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ရှိ​၏​။
22ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ 23ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။
24ဂဒ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 25ဂဒ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါးထောင့်​ခြောက်​ရာ့​ငါးဆယ် ရှိ​၏​။
26ယုဒ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 27ယုဒ​အမျိုးအနွယ်​ထဲမှ ခုနစ်​သောင်း​လေး​ထောင့်​ခြောက်​ရာ ရှိ​၏​။
28ဣသခါ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 29ဣသခါ​အမျိုးအနွယ်​ထဲမှ ငါး​သောင်း​လေး​ထောင့်​လေး​ရာ ရှိ​၏​။
30ဇာဗုလုန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 31ဇာဗုလုန်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ခုနစ်​ထောင့်​လေး​ရာ ရှိ​၏​။
32ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 33ဧဖရိမ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါး​ရာ ရှိ​၏​။
34မနာရှေ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 35မနာရှေ​အမျိုးအနွယ်​ထဲမှ သုံးသောင်း​နှစ်ထောင့်​နှစ်ရာ ရှိ​၏​။
36ဗင်္ယာမိန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 37ဗင်္ယာမိန်​အမျိုးအနွယ်​ထဲမှ သုံးသောင်း​ငါးထောင့်​လေး​ရာ ရှိ​၏​။
38ဒန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 39ဒန်​အမျိုးအနွယ်​ထဲမှ ခြောက်သောင်း​နှစ်ထောင့်​ခုနစ်​ရာ ရှိ​၏​။
40အာရှာ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 41အာရှာ​အမျိုးအနွယ်​ထဲမှ လေးသောင်း​တစ်ထောင့်​ငါး​ရာ ရှိ​၏​။
42နဿလိ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 43နဿလိ​အမျိုးအနွယ်​ထဲမှ ငါးသောင်းသုံးထောင့်​လေး​ရာ ရှိ​၏​။
44ထို​သူ​တို့​မှာ မောရှေ​၊ အာရုန်​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အသီးသီး​မှ​အစ္စရေး​ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ဦး​တို့ ရေတွက်​သော​သူ​တို့​၏​အရေအတွက်​များ​ဖြစ်​ကြ​၏​။ 45သူ​တို့​သည် ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် အစ္စရေး​လူမျိုး​ထဲမှ စစ်မှုထမ်း​နိုင်​သော​အစ္စရေး​အမျိုးသား​အားလုံး​တို့​၏​အရေအတွက် ဖြစ်​၏​။ 46သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။
လေဝိအမျိုးတို့၏တာဝန်
47သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။ 48ထာဝရဘုရား​က မောရှေ​အား
49“​လေဝိ​အမျိုးအနွယ်​တို့​ကို​ကား သင် မ​ရေတွက်​ရ​။ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ သူ​တို့​၏​လူဦးရေစာရင်း​ကို​လည်း မ​ကောက်​ရ​။ 50လေဝိ​အမျိုး​တို့​ကို သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​၊ ထို​တဲ​တော်​နှင့်​ဆိုင်​သမျှ​တို့​ကို ထိန်းသိမ်း​ဖို့ ခန့်အပ်​လော့​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏ တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​ဆောင်ရွက်​၍ ထို​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ 51ရွှေ့ပြောင်း​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ရ​မည်​။ စခန်းချ​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စိုက်ထူ​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​။
52အစ္စရေး​အမျိုးသား​တို့​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​၏​စခန်း​၌​လည်းကောင်း​၊ မိမိ​တို့​၏​အလံ​နားတွင်​လည်းကောင်း စခန်းချ​ရ​မည်​။ 53လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 54အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ