ဝတ်ပြုရာကျမ်း 27
27
သန့်ရှင်းရာဌာနအတွက် ထည့်သွင်းငွေ
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တန်ဖိုးဖြတ်သည့်အတိုင်း တစ်စုံတစ်ယောက်သည် လူကို ထာဝရဘုရားထံ ဆက်ကပ်ပေးလှူရန် ကတိသစ္စာပြုသောအခါ 3အသက်နှစ်ဆယ်အရွယ်မှ အသက်ခြောက်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးဆယ်ရှယ်ကယ်#27:3 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။ဖြစ်ရမည်။ 4မိန်းမဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ သုံးဆယ်ရှယ်ကယ်#27:4 “23 ကျပ်သား သို့မဟုတ် 345 ဂရမ်”။ဖြစ်ရမည်။ 5အသက်ငါးနှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် နှစ်ဆယ်ရှယ်ကယ်#27:5 “15 ကျပ်သား သို့မဟုတ် 230 ဂရမ်”။၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်#27:5 “7.5 ကျပ်သား သို့မဟုတ် 115 ဂရမ်”။ဖြစ်ရမည်။ 6တစ်လသားအရွယ်မှ ငါးနှစ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် ငွေငါးရှယ်ကယ်၊ မိန်းမဖြစ်လျှင် ငွေသုံးရှယ်ကယ်#27:6 “2.3 ကျပ်သား သို့မဟုတ် 35 ဂရမ်”။ဖြစ်ရမည်။ 7အသက်ခြောက်ဆယ်အရွယ်နှင့်အထက်ဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် တစ်ဆယ့်ငါးရှယ်ကယ်#27:7 “11.25 ကျပ်သား သို့မဟုတ် 173 ဂရမ်”။၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။ 8ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။
9ထာဝရဘုရားအား ပူဇော်ဖို့ ကတိသစ္စာပြုထားသော ပူဇော်သက္ကာသည် တိရစ္ဆာန်ဖြစ်လျှင် ထာဝရဘုရားအားပေးလှူမည့် မည်သည့်အကောင်မဆို သန့်ရှင်း၏။ 10အဆိုးကို အကောင်း၊ အကောင်းကို အဆိုးနှင့် မလဲလှယ်ရ။ အပြောင်းအလဲမလုပ်ရ။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်တစ်ကောင်နှင့် မဖြစ်မနေလဲလှယ်ရမည်ဆိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း၏။
11ထာဝရဘုရားထံ ပူဇော်သောသူ၏ပူဇော်သက္ကာသည် မစင်ကြယ်၊ မပူဇော်သင့်သောတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်လျှင် ထိုတိရစ္ဆာန်ကို ယဇ်ပုရောဟိတ်ထံ ယူလာရမည်။ 12ယဇ်ပုရောဟိတ်သည် ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် တန်ဖိုးဖြတ်သည့်အတိုင်း တည်စေရမည်။ 13သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
14တစ်စုံတစ်ယောက်သည် မိမိ၏အိမ်ကို ထာဝရဘုရားထံ သန့်ရှင်းသောအရာအဖြစ် ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။ 15မိမိအိမ်ကို ဆက်ကပ်သောသူသည် ထိုအိမ်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကို ထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ အိမ်သည် သူ့အပိုင်ဖြစ်လိမ့်မည်။
16တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သောလယ်ယာအချို့ကို ထာဝရဘုရားထံ ဆက်ကပ်လိုလျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ကြဲနိုင်သည့်မျိုးစေ့ပမာဏအတိုင်းဖြစ်ရမည်။ မုယောမျိုးစေ့တစ်ဟောမဲ#27:16 “220 လီတာ”။လျှင် ငွေငါးဆယ်ရှယ်ကယ်ဖြစ်၏။ 17ထိုသူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်၌ ဆက်ကပ်လိုလျှင် သင်ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။ 18သို့သော် သူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်လွန်မှ ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် နောက်မင်္ဂလာရတုနှစ်အထိ ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ငွေကိုတွက်၍ သင်ဖြတ်ထားသောတန်ဖိုးမှ နုတ်ရမည်။ 19မိမိလယ်ယာကို ဆက်ကပ်သောသူသည် ထိုလယ်ယာကို ပြန်ရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ လယ်ယာသည် သူ့အပိုင်ဖြစ်လိမ့်မည်။ 20သို့သော် ထိုလယ်ယာကို မရွေးနုတ်လျှင်ဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ရောင်းလျှင်ဖြစ်စေ သူသည် ထိုလယ်ယာကို ရွေးနုတ်ခွင့်မရှိတော့ချေ။ 21မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။
22မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင် 23သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ယဇ်ပုရောဟိတ်သည် မင်္ဂလာရတုနှစ်အထိ သူ့ကို တွက်ပေးရမည်။ သူသည် ထိုနေ့၌ပင် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာအဖြစ် သင်ဖြတ်ထားသောတန်ဖိုးကို ပေးရမည်။ 24မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ#27:24 တိုက်ရိုက်ပြန်ဆိုလျှင် “ဝယ်ယူခဲ့သောသူ”။ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။ 25သင်ဖြတ်သည့်တန်ဖိုးဟူသမျှသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ဖြစ်ရမည်။ တစ်ရှယ်ကယ်#27:25 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။လျှင် ဂေရနှစ်ဆယ်#27:25 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။ဖြစ်ရမည်။
26နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။ 27မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။
28တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။ 29ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။
30မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ 31တစ်စုံတစ်ယောက်သည် မိမိဆယ်ဖို့တစ်ဖို့ထဲမှအချို့ကို အမှန်ပင်ရွေးနုတ်လိုလျှင် ၎င်း၏တန်ဖိုးအပြင် ငါးပုံတစ်ပုံထပ်ပေါင်း၍ ပေးရမည်။ 32နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ 33ကောင်းမကောင်း မစစ်ဆေးရ။ မလဲလှယ်ရ။ မဖြစ်မနေလဲလှယ်ရမည်ဆိုလျှင် နှစ်ကောင်စလုံးသန့်ရှင်း၏။ ထိုတိရစ္ဆာန်တို့ကို မရွေးနုတ်ရ”ဟု မိန့်တော်မူ၏။
34ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
ဝတ်ပြုရာကျမ်း 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative