YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 11:22-33

ရှင်မာကုခရစ်ဝင် 11:22-33 MSBU

ယေရှု​က​လည်း“ဘုရားသခင်​ကို ယုံကြည်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သူမဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျက် မိမိ​စိတ်နှလုံး​ထဲ၌ သံသယ​ကင်းမဲ့​ကာ မိမိ​ဆို​သည့်​အတိုင်း​ဖြစ်​မည်​ဟု​ယုံကြည်​လျှင် ထို​သူ​ဆို​သည့်​အတိုင်း ဖြစ်​လိမ့်မည်။ ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆုတောင်း​သောအခါ တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ရရှိ​ပြီ​ဟု​ယုံကြည်​ကြ​လော့။ ထိုအခါ သင်​တို့​အတွက် ထို​အတိုင်း​ဖြစ်​လိမ့်မည်။ သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။ [သို့သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့ပြုလျှင် ဤ​အရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။ ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော။ ငါ့​ကို​ဖြေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။ ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။ ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ယေရှု​က“ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

​ရှင်မာကုခရစ်ဝင် 11:22-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။