YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာအနာဂတ္တိကျမ်း 5

5
အရှုံးခံအုပ်ချုပ်သူမှ အောင်နိုင်သူဘုရင်အဖြစ်သို့
1အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။ 2“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။” 3သို့သော် သားဖွား​မည့်​မိန်းမ သားဖွား​ပြီး​သည့်​အချိန်​ထိ ကိုယ်တော်​သည် သူ​တို့​ကို ပစ်ထား​လိမ့်မည်​။ ထို့နောက်မှ ကြွင်းကျန်​သော​ညီအစ်ကို​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထံ ပြန်လာ​ကြ​လိမ့်မည်​။ 4သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။ 5သူ​သည် ငြိမ်းချမ်း​ခြင်း​အကြောင်း ဖြစ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့ ချီလာ​၍ ငါ​တို့​၏​ခံတပ်​များ​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​ကို တိုက်ခိုက်​မည့် သိုးထိန်း​ခုနစ်​ပါး​၊ မင်းညီမင်းသား​ရှစ်​ပါး​ကို ငါ​တို့​တင်မြှောက်​ကြ​မည်​။ 6သူ​တို့​သည် အဆီးရီးယား​ပြည်​ကို ဓား​ဖြင့်​စောင့်ကြပ်​လိမ့်မည်​။ နိမ်ရောဒ​ပြည်​အဝင်ဝ​တို့​၌​လည်း စောင့်ကြပ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့​လာ​၍ ငါ​တို့​နယ်နိမိတ်​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​သည် ငါ​တို့​ကို အဆီးရီးယား​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။
ဂုဏ်သရေရှိ၍ သန့်ရှင်းစင်ကြယ်သည့်ကြွင်းကျန်သူများ
7ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် လူမျိုး​များစွာ​တို့​အလယ်​တွင် လူ​ကို မ​မျှော်လင့်​၊ လူသား​တို့​ကို မ​ကိုးစား​သော ထာဝရဘုရား​ထံမှ နှင်းစက်​ကဲ့သို့​လည်းကောင်း​၊ မြက်ပင်​ပေါ်​ကျ​သော မိုးပေါက်​ကဲ့သို့​လည်းကောင်း ရှိ​နေ​လိမ့်မည်​။ 8ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် တော​တိရစ္ဆာန်​တို့​အလယ်​မှ ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ သိုးအုပ်​တို့​အလယ်​မှ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း လူမျိုးခြား​တို့​အလယ်​၊ လူ​များစွာ​တို့​ကြား​တွင် ရှိ​နေ​လိမ့်မည်​။ ထို​ခြင်္သေ့​တို့​သည် သွားလာ​၍ မည်သူ​မျှ​မ​ကယ်​နိုင်​အောင် စားသောက်​ကိုက်ဖြတ်​တတ်​၏​။ 9သင်​သည် သင့်​ရန်သူ​တို့​အပေါ်​လက်​ကို​ချီ​၍ သင့်​ရန်သူ​အပေါင်း​တို့ ပျက်စီး​သွား​ရ​လိမ့်မည်​။ 10ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် သင်​၏​မြင်း​များ​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ သင်​၏​စစ်ရထား​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ 11သင့်​ပြည်​ရှိ မြို့​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင့်​ခံတပ်​ရှိသမျှ​တို့​ကို​လည်း ဖြိုချ​ပစ်​မည်​။ 12သင်​တတ်မြောက်​သော​မှော်အတတ်​များ​ကို သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​မည်​။ ဗေဒင်ဟော​သော​သူ​များ​လည်း သင်​၌ ရှိ​တော့​မည်​မ​ဟုတ်​။ 13သင်​၏​ရုပ်တုဆင်းတု​များ​၊ အထိမ်းအမှတ်​ကျောက်တိုင်​များ​ကို​လည်း သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​မည်​။ သင့်​လက်​ဖြင့် ထုလုပ်​သော​ဘုရား​များ​ကို သင်​ရှိခိုးကိုးကွယ်​ရ​တော့​မည်​မ​ဟုတ်​။ 14သင်​၏​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ငါ​နုတ်ပစ်​မည်​။ သင်​၏​မြို့ရွာ​များ​ကို​လည်း ဖျက်ဆီး​ပစ်​မည်​။ 15ငါ့​ကို မ​နာခံ​သော​လူမျိုးခြား​တို့​ကို အမျက်​ဒေါသ​ဖြင့် ငါ​လက်စားချေ​မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

မိက္ခာအနာဂတ္တိကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။