YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာအနာဂတ္တိကျမ်း 4

4
ဇိအုန်တောင်တွင် ထာဝရဘုရားအုပ်စိုးတော်မူခြင်း
1နောက်ဆုံး​သော​ကာလ​တွင် ထာဝရဘုရား​၏​အိမ်​တော်​တည်ရှိ​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်​၌ တည်​လိမ့်မည်​။ တောင်ကုန်း​တို့​ထက် ချီးမြှောက်​ခြင်း​ခံရ​၍ လူမျိုး​တို့​သည် ထို​တောင်​တွင် စုရုံး​ကြ​လိမ့်မည်​။ 2လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။ 3ကိုယ်တော်​သည် လူမျိုး​များစွာ​တို့​ကို စီရင်​တော်မူ​မည်​။ ရပ်ဝေး​မှ​အားကြီး​သော​လူမျိုး​တို့​ကို ဆုံးမ​တော်မူ​မည်​။ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​အဖြစ်​၊ လှံ​များ​ကို တံစဉ်​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​နှင့် တိုက်ခိုက်​ကြ​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။ 4လူ​တို့​သည် မိမိ​တို့​၏​စပျစ်ပင်​၊ သဖန်းပင်​တို့​အောက်​တွင် ထိုင်​ကြ​လိမ့်မည်​။ သူ​တို့​ကို ခြိမ်းခြောက်​မည့်​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​။ ထိုသို့ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား နှုတ်မြွက်​တော်မူ​ပြီ​။ 5လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​ဘုရား​များ​၏​နာမ​၌ အသီးသီး​လိုက်လျှောက်​ကြ​လိမ့်မည်​။ ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​နာမ​တော်​၌ ကာလ​အစဉ်အဆက်​လိုက်လျှောက်​ကြ​မည်​။
6ထာဝရဘုရား​က “​ထို​ကာလ​၌ ခြေမသန်သူ​ကို ငါ​စုစည်း​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သူ​၊ ငါ​ဒဏ်ခတ်​ခဲ့​သူ​တို့​ကို ပြန်လည်​စုစည်း​မည်​။ 7ခြေမသန်သူ​ကို ကြွင်းကျန်​စေ​မည်​။ အဝေး​သို့​နှင်ထုတ်​ခံရ​သူ​ကို အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​။ ထာဝရဘုရား​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက် ဇိအုန်​တောင်​ပေါ်တွင် သူ​တို့​ကို အုပ်စိုး​တော်မူ​မည်​။ 8အို ဧဒါ​မျှော်စင် ဇိအုန်​သမီးပျို​နေရာ​တောင်ကုန်း​၊ အုပ်စိုးမှု​အာဏာ​သည် ယခင်က​ကဲ့သို့ပင် သင့်​ထံ​ပြန်လာ​လိမ့်မည်​။ ဂျေရုဆလင်​သမီးပျို​ထံသို့ နိုင်ငံ​တော်​ပြန်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။
ဖမ်းခေါ်သွားရာမှ လွတ်မြောက်ရာသို့
9ယခု သင်​သည် သားဖွား​သော​မိန်းမ​ဝေဒနာ​ခံစား​ရ​သကဲ့သို့ အဘယ်ကြောင့် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သနည်း​။ သင်​၌ ရှင်ဘုရင်​မ​ရှိ​သောကြောင့်​လော​။ သင့်​ကို အကြံပေးသူ မ​ရှိ​တော့​သောကြောင့်​လော​။ 10အို ဇိအုန်​သမီးပျို​၊ သားဖွား​မိန်းမ​ကဲ့သို့ ဝေဒနာ​ကို အလူးအလိမ့်​ခံစား​လော့​။ အကြောင်းမူကား သင်​သည် မြို့​မှ​ထွက်​၍ ကွင်းပြင်​၌​နေ​ရ​လိမ့်မည်​။ ထို့နောက် ဘေဘီလုံ​ပြည်​သို့ ပါသွား​ရ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် ထို​ပြည်​တွင် သင့်​ကို ရန်သူ​တို့​လက်​မှ ရွေးနုတ်​ကယ်တင်​တော်မူ​မည်​။ 11ယခုမူ “​ဇိအုန်​မြို့​၊ အသရေပျက်​ပါစေ​။ သူ့​ကို ငါ​တို့ ဝမ်းသာအားရ​ကြည့်​ရ​ပါစေ​”​ဟု ဆို​သော​လူမျိုး​များစွာ​တို့​သည် သင့်​ကို ဆန့်ကျင်​စုရုံး​ကြ​၏​။ 12သို့သော် သူ​တို့​သည် ထာဝရဘုရား​၏​စိတ်​တော်​တို့​ကို မ​သိ​၊ အကြံအစည်​တော်​ကို နား​မ​လည်​ကြ​။ စင်စစ် ကိုယ်တော်​သည် သူ​တို့​ကို ကောက်နယ်တလင်း​မှ ကောက်လှိုင်း​များ​ကဲ့သို့ စုစည်း​တော်မူ​မည်​။ 13“အို ဇိအုန်​သမီးပျို​၊ ထ​၍ တလင်းနယ်​လော့​။ ငါ​သည် သင့်​အား သံ​ဦးချို​နှင့် ကြေးဝါ​ခွာ​ကို ပေး​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို ညက်ညက်ကြေ​အောင် နင်းနယ်​လိမ့်မည်​။ သင်​သည် သူ​တို့​၏​မတရား​သော​အကျိုးစီးပွား​ကို ထာဝရဘုရား​ထံ​တော်​သို့​လည်းကောင်း​၊ သူ​တို့​၏​ဥစ္စာပစ္စည်း​တို့​ကို မြေ​တစ်ပြင်လုံး​၏​အရှင်​ထံသို့​လည်းကောင်း ဆက်ကပ်​လိမ့်မည်​။”

လက်ရှိရွေးချယ်ထားမှု

မိက္ခာအနာဂတ္တိကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ