YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 26:47-56

ရှင်မဿဲခရစ်ဝင် 26:47-56 MSBU

ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ ယေရှု​က​လည်း“အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ ယေရှု​က​လည်း ထို​သူ​အား“သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။ ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။ သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။