YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 17:14-27

ရှင်မဿဲခရစ်ဝင် 17:14-27 MSBU

ထို့နောက် လူထု​ပရိသတ်​ရှိ​ရာ​သို့​ရောက်လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​လာ​၍ ရှေ့​တော်​၌ ဒူးထောက်​ကာ “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။ သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူငယ်​ကို ငါ့​ထံ ဤ​နေရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။ ထိုအခါ တပည့်​တော်​တို့​သည် သူတို့​ချည်း​သာ​ယေရှု​ထံသို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။ [သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌​စုရုံး​နေ​ကြ​စဉ် ယေရှု​က“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​တော့မည်။ လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။ ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။ ပေတရု​က “ပေးဆောင်​ပါ​သည်”​ဟု ဖြေ​ပြီးမှ အိမ်​ထဲသို့​ဝင်​လာ​ရာ ယေရှု​က“ရှိမုန်၊ သင်​မည်သို့​ထင်မြင်​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် မည်သူ့​ထံမှ အခွန်​အကောက်​များ​ကို ကောက်ခံ​ကြ​သနည်း။ မိမိ​တို့​၏​သား​များ​ထံမှ​လော​၊သို့မဟုတ် သူတစ်ပါး​တို့​ထံမှ​လော”​ဟု ပေတရု​ကို ဆီး​၍​မေး​တော်မူ​၏။ ပေတရု​က​လည်း “သူတစ်ပါး​တို့​ထံမှ​ကောက်ခံ​ပါ​သည်”ဟု လျှောက်​သော် ယေရှု​က“သို့ဖြစ်လျှင် သား​တို့​သည် ကင်းလွတ်​ခွင့်​ရ​ကြ​၏။ သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့”​ဟု မိန့်​တော်မူ​၏။

ရှင်မဿဲခရစ်ဝင် 17:14-27 အကြောင်း ဗီဒီယိုများ