YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 17

17
အဆင်းသဏ္ဌာန်ပြောင်းလဲတော်မူခြင်း
1ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​ကို​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ 2ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ မျက်နှာ​တော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ကာ ဝတ်ရုံ​တော်​သည် အလင်း​ကဲ့သို့​ဖြူဖွေး​လာ​၏။ 3မောရှေ​နှင့်​ဧလိယ​တို့​သည်​လည်း သူ​တို့​ရှေ့တွင်​ပေါ်လာ​၍ ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။ 4ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ ကိုယ်တော်​အလိုရှိ​လျှင် ဤ​နေရာ​၌ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​ဆောက်​ပါ​မည်”​ဟု ယေရှု​အား လျှောက်ထား​လေ​၏။ 5ထိုသို့ ပေတရု​လျှောက်ထား​စဉ် တောက်ပ​သော​မိုးတိမ်​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ မိုးတိမ်​ထဲမှ​အသံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏။ သူ့​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
6တပည့်​တော်​တို့​သည် ထို​အသံ​ကို​ကြား​လျှင် အလွန်​ကြောက်ရွံ့​လျက် သူ​တို့​မျက်နှာ​ကို မြေ​မှာ​အပ်​ထား​ကြ​၏။ 7ထိုအခါ ယေရှု​သည် ချဉ်းကပ်​လာ​၍ သူ​တို့​ကို​တို့ထိ​ကာ“ထ​ကြ​လော့၊ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ 8သူ​တို့​သည် မော့ကြည့်​ကြ​ရာ ယေရှု​တစ်ပါးတည်း​မှလွဲ၍ မည်သူ့​ကို​မျှ မ​တွေ့မြင်​ကြ။ 9ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေရှု​က“လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ ဤ​ရူပါရုံ​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်”​ဟု သူ​တို့​အား မိန့်မှာ​တော်မူ​၏။ 10ထိုအခါ တပည့်​တော်​တို့​က “သို့ဖြစ်လျှင် ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား မေးလျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“ဧလိယ​သည်​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ 12သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည်​ရောက်လာ​ခဲ့​ပြီ။ သို့ရာတွင် လူ​တို့​သည် သူ့​ကို​မ​သိ​ကြ​ဘဲ သူ့​အပေါ်​ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ။ ထိုနည်းတူ လူ့သား​သည်​လည်း သူ​တို့​လက်​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​တော့မည်”​ဟု ပြန်​၍ မိန့်​တော်မူ​၏။ 13ထိုအခါ တပည့်​တော်​တို့​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ကို​ရည်ညွှန်း​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​ကြောင်း သဘောပေါက်​ကြ​၏။
ဝက်ရူးပြန်ရောဂါကို ပျောက်ကင်းစေတော်မူခြင်း
14ထို့နောက် လူထု​ပရိသတ်​ရှိ​ရာ​သို့​ရောက်လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​လာ​၍ ရှေ့​တော်​၌ ဒူးထောက်​ကာ 15“သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။ 16သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။
17ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူငယ်​ကို ငါ့​ထံ ဤ​နေရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 18ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။ 19ထိုအခါ တပည့်​တော်​တို့​သည် သူတို့​ချည်း​သာ​ယေရှု​ထံသို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 20ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်21[သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း ဒုတိယအကြိမ် ကြိုတင်မိန့်တော်မူခြင်း
22သူ​တို့​သည် ဂါလိလဲ​နယ်​၌​စုရုံး​နေ​ကြ​စဉ် ယေရှု​က“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​တော့မည်။ 23လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။
ဗိမာန်တော်အခွန်ပေးဆောင်ခြင်း
24ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။ 25ပေတရု​က “ပေးဆောင်​ပါ​သည်”​ဟု ဖြေ​ပြီးမှ အိမ်​ထဲသို့​ဝင်​လာ​ရာ ယေရှု​က“ရှိမုန်၊ သင်​မည်သို့​ထင်မြင်​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် မည်သူ့​ထံမှ အခွန်​အကောက်​များ​ကို ကောက်ခံ​ကြ​သနည်း။ မိမိ​တို့​၏​သား​များ​ထံမှ​လော​၊သို့မဟုတ် သူတစ်ပါး​တို့​ထံမှ​လော”​ဟု ပေတရု​ကို ဆီး​၍​မေး​တော်မူ​၏။ 26ပေတရု​က​လည်း “သူတစ်ပါး​တို့​ထံမှ​ကောက်ခံ​ပါ​သည်”ဟု လျှောက်​သော် ယေရှု​က“သို့ဖြစ်လျှင် သား​တို့​သည် ကင်းလွတ်​ခွင့်​ရ​ကြ​၏။ 27သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။