YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 15:1-28

ရှင်မဿဲခရစ်ဝင် 15:1-28 MSBU

ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က“သင်​တို့​သည်​လည်း မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်​တော်​ကို အဘယ်ကြောင့်​ချိုးဖောက်​ကြ​သနည်း။ အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ဟု မိန့်​တော်မူ​ခဲ့​၏။ သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင် ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင်“နားထောင်​၍ နားလည်​ကြ​လော့။ ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​မ​စိုက်​သော​အပင်​ရှိသမျှ​သည် အမြစ်​ပါ​မကျန် ဆွဲနုတ်​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​တို့​သည်​လည်း ယခု​တိုင်အောင် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ခံတွင်း​သို့​ဝင်​သမျှ​သော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​ပြီးလျှင် ရေအိမ်​ထဲ​စွန့်​ခြင်း​ခံရ​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ ခံတွင်း​မှ​ထွက်လာ​သည့်​အရာ​များ​မူကား စိတ်နှလုံး​ထဲမှ​ထွက်လာ​ပြီး လူ​ကို​ညစ်ညူး​စေ​၏။ အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။ ဤ​အရာ​များ​သည် လူ​ကို​ညစ်ညူး​စေ​ကြ​၏။ သို့သော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​ခြင်း​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။ သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထိုအခါ ယေရှု​က“အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။