YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 15

15
ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်း
1ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ 2“သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။ 3ကိုယ်တော်​က“သင်​တို့​သည်​လည်း မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်​တော်​ကို အဘယ်ကြောင့်​ချိုးဖောက်​ကြ​သနည်း။ 4အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’#မာ 7:10၊ ထွ 21:17၊ ဝတ် 20:9။ဟု မိန့်​တော်မူ​ခဲ့​၏။ 5သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင် 6ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ 7သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က 8‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။ 9သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’#ဟေရှာ 29:13။ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။
အတွင်းမှလာသောညစ်ညူးခြင်း
10ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင်“နားထောင်​၍ နားလည်​ကြ​လော့။ 11ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။
12ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။ 13ကိုယ်တော်​က​လည်း“ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​မ​စိုက်​သော​အပင်​ရှိသမျှ​သည် အမြစ်​ပါ​မကျန် ဆွဲနုတ်​ခြင်း​ခံရ​လိမ့်မည်။ 14သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 15ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင် 16ကိုယ်တော်​က“သင်​တို့​သည်​လည်း ယခု​တိုင်အောင် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ 17ခံတွင်း​သို့​ဝင်​သမျှ​သော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​ပြီးလျှင် ရေအိမ်​ထဲ​စွန့်​ခြင်း​ခံရ​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ 18ခံတွင်း​မှ​ထွက်လာ​သည့်​အရာ​များ​မူကား စိတ်နှလုံး​ထဲမှ​ထွက်လာ​ပြီး လူ​ကို​ညစ်ညူး​စေ​၏။ 19အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။ 20ဤ​အရာ​များ​သည် လူ​ကို​ညစ်ညူး​စေ​ကြ​၏။ သို့သော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​ခြင်း​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
ခါနာန်အမျိုးသမီးတစ်ဦး၏ယုံကြည်ခြင်း
21ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ 22ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။
23သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ 24ကိုယ်တော်​က​လည်း“ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 25သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 26ကိုယ်တော်​က​လည်း“သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 27ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ 28ထိုအခါ ယေရှု​က“အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။
လူများစွာတို့ကိုကျန်းမာစေတော်မူခြင်း
29ထို့နောက် ယေရှု​သည် ထို​နေရာ​မှ ထွက်ခွာ​လျက် ဂါလိလဲ​ပင်လယ်​ကမ်းနား​သို့ ကြွ​တော်မူ​ပြီးလျှင် တောင်​ပေါ်သို့​တက်​ကာ ထို​အရပ်​၌​ထိုင်​တော်မူ​၏။ 30ထိုအခါ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ခြေ​မသန်စွမ်း​သူ​များ၊ မျက်မမြင်​များ၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ၊ ဆွံ့အ​သူ​များ​နှင့် အခြား​ရောဂါသည်​အမြောက်အမြား​တို့​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ အထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချထား​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။ 31လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။
လူလေးထောင်ကိုကျွေးမွေးတော်မူခြင်း
32ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 33တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။ 34ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။
35ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် 36မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ 37လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။ 38စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။ 39ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။