YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 10:16-33

ရှင်မဿဲခရစ်ဝင် 10:16-33 MSBU

နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။ လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။ သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။ သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။ တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။ တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။ ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။ ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။ စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။ သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။ သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။

Video for ရှင်မဿဲခရစ်ဝင် 10:16-33