YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 7

7
တပ်မှူးတစ်ဦး၏ယုံကြည်ခြင်း
1ကိုယ်တော်​သည် ဤ​တရား​စကား​အားလုံး​ကို လူ​တို့​အား​ဟောကြား​ပြီးနောက် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​၏။ 2ထိုစဉ် တပ်မှူး​တစ်​ယောက်​၏​အလွန်​အားထား​ရ​သော အစေအပါး​တစ်​ဦး​သည် နာမကျန်း​ဖြစ်​ပြီး သေအံ့ဆဲဆဲ​ဖြစ်​နေ​၏။ 3ထို​တပ်မှူး​သည် ယေရှု​၏​သတင်း​ကို​ကြား​သောအခါ ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​ကို ကိုယ်တော်​ထံသို့​စေလွှတ်​ကာ ကြွလာ​၍ သူ့​အစေအပါး​ကို ကျန်းမာ​စေ​တော်မူ​မည့်​အကြောင်း လျှောက်​စေ​၏။ 4သူ​တို့​သည် ယေရှု​ထံသို့​ရောက်လာ​၍ “သူ့​အတွက် ထိုသို့​ကိုယ်တော်​ပြု​ပေး​ခြင်း​ကို သူ​ခံထိုက်​ပါ​သည်။ 5အကြောင်းမူကား သူ​သည် အကျွန်ုပ်​တို့​လူမျိုး​ကို​ချစ်​၍ အကျွန်ုပ်​တို့​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်တော်​ကို အလေးအနက်​တောင်းပန်​ကြ​၏။ 6ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ 7ထို့ကြောင့် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း ကိုယ်တော်​ထံသို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်ယူ​ပါ​သည်။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။ 8ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်​အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​စေ​၏။
9ယေရှု​သည် ထို​စကား​တို့​ကို​ကြား​လျှင် တပ်မှူး​ကို​အံ့သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်ကြည့်​ကာ“သင်​တို့​အား ငါ​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ကို အစ္စရေး​လူမျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်မူ​၏။ 10စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သောအခါ ထို​အစေအပါး​ကျန်းမာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။
နာဣနမြို့မှမုဆိုးမ၏သားကို အသက်ပြန်ရှင်စေခြင်း
11နောက်တစ်နေ့​တွင် ကိုယ်တော်​သည် နာဣန​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​ရာ တပည့်​တော်​တို့​မှစ၍ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏။ 12မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။ 13သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“မ​ငို​နှင့်”​ဟု မိန့်​တော်မူ​၏။
14ထို့နောက် ချဉ်းကပ်​လျက် အလောင်းစင်​ကို တို့ထိ​တော်မူ​ရာ အလောင်းစင်​ထမ်း​သော​သူ​တို့​သည် ရပ်တန့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“အချင်း​လူငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်မူ​ရာ 15သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။
16လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။ 17ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။
ဗတ္တိဇံဆရာယောဟန်အကြောင်းကို မိန့်တော်မူခြင်း
18ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍ 19သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။
20သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။
21ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။ 22ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား“သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။ 23ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။
24ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။ 25သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ တင့်တယ်​သော​အဝတ်​များ​ဝတ်ဆင်​လျက် သောက်စား​ပျော်ပါး​နေ​သော​သူ​တို့​သည် နန်းတော်​များ​၌​ရှိ​ကြ​၏။ 26ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ 27‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’#မ 11:10၊ မာ 1:2၊ မာလ 3:1။ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ 28သင်​တို့​အား ငါ​ဆို​မည်။ မိန်းမ​တို့​မှ​မွေးဖွား​လာ​သော​သူ​တို့​တွင် ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက် ကြီးမြတ်​၏။”
29(အခွန်​ကောက်ခံ​သူ​များ​မှစ၍ လူ​အပေါင်း​တို့​သည် ယောဟန်​၏​ဗတ္တိဇံ​ကို​ခံယူ​ခဲ့​သဖြင့် ဤ​စကား​ကို​ကြားနာ​ရ​သောအခါ ဘုရားသခင်​ဖြောင့်မတ်​ကြောင်း​ဝန်ခံ​ကြ​၏။ 30သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)
တုံ့ပြန်ခြင်းမပြုသောမျိုးဆက်
31 “ထို့ကြောင့် ဤ​ခေတ်ကာလ​လူ​တို့​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ သူ​တို့​သည် မည်သည့်​အရာ​နှင့်​တူ​ကြ​သနည်း။ 32သူ​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည်​မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည်​မ​ငိုကြွေး​ကြ’​ဟု တစ်ဦး​ကို​တစ်ဦး​လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​ကြ​၏။
33 အကြောင်းမူကား ဗတ္တိဇံ​ဆရာ​ယောဟန်​သည် ရောက်လာ​၍ အစာ​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။ 34လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ၊ အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း’​ဟု ဆို​ကြ​ပြန်​၏။ 35သို့သော် ဉာဏ်ပညာ​တော်​သည်​ဖြောင့်မတ်​ကြောင်း မိမိ​သားသမီး​ရှိသမျှ​တို့​က ဖော်ပြ​ကြ​၏”​ဟု မိန့်​တော်မူ​၏။
အပြစ်များသောအမျိုးသမီးကိုခွင့်လွှတ်ခြင်း
36ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။ 37ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင် 38ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။
39ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။ 40ထိုအခါ ယေရှု​က“ရှိမုန်၊ သင့်​ကို ငါ​ပြော​စရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။
41ယေရှု​က​လည်း“ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။ 42သူ​တို့​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် ကြွေးရှင်​သည် နှစ်ဦးစလုံး​တို့​၏​အကြွေး​ကို လျှော်ပစ်​လိုက်​လေ​၏။ သို့ဖြစ်လျှင် ထို​သူ​နှစ်​ဦး​တွင် မည်သူ​သည် ကြွေးရှင်​ကို ပို၍​ချစ်​မည်နည်း”​ဟု မေး​တော်မူ​၏။ 43ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​ယူဆ​သည့်​အတိုင်း​မှန်​၏”​ဟု မိန့်​တော်မူ​၏။
44ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။ 45သင်​သည် ငါ့​ကို​မ​နမ်း။ သို့သော် သူ​သည် ဝင်လာ​သည့်​အချိန်​မှစ၍ ငါ့​ခြေ​ကို​အဆက်မပြတ်​နမ်း​လျက်​နေ​၏။ 46သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့သော် သူ​သည် ငါ​၏​ခြေ​ကို ဆီမွှေး​ဖြင့်​လိမ်း​ပေး​၏။ 47ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်မူ​၏။ 48ထို့နောက် ထို​အမျိုးသမီး​အား“သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ 49ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 50သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား“သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။