YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6

6
ဥပုသ်နေ့၏အရှင်သခင်
1တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဂျုံနှံ​များ​ကို​ဆွတ်ခူး​၍ လက်​နှင့်​ပွတ်နယ်​ပြီး​စား​ကြ​၏။ 2ထိုအခါ ဖာရိရှဲ​အချို့​တို့​က “သင်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ဆို​ကြ​၏။ 3ယေရှု​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ 4သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး အခြား​မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် 5“လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
လက်ယာလက်သေသောသူကို အကောင်းပကတိဖြစ်စေခြင်း
6အခြား​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထို​နေရာ​၌ လက်ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။ 7ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​စရာ​အကြောင်း တွေ့ရှိ​နိုင်​ရန်​အတွက် ကိုယ်တော်​သည် ဥပုသ်နေ့​၌ အနာရောဂါ​ငြိမ်း​စေ​မည်​၊ မ​ငြိမ်း​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။ 8ကိုယ်တော်​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​သဖြင့် လက်​သေ​သော​သူ​အား“ထ​၍ အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့”​ဟု မိန့်​တော်မူ​ရာ သူ​သည်​ထ​၍ မတ်တတ်ရပ်​လေ​၏။ 9ထိုအခါ ယေရှု​သည် ထို​သူ​တို့​အား“သင်​တို့​ကို ငါ​မေး​မည်။ တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် ဖျက်ဆီး​အပ်​သလော”​ဟု မေး​တော်မူ​၏။
10ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။ 11ထိုအခါ သူ​တို့​သည် ဒေါသ​စိတ်​မွှန်​၍ ယေရှု​အား မည်သို့​ပြု​ရ​မည်​ကို အချင်းချင်း​တိုင်ပင်​ကြ​၏။
တမန်တော်တစ်ဆယ့်နှစ်ပါး
12ထို​နေ့ရက်​များ​၌ ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​ကြွ​၍ ဘုရားသခင်​ထံ တစ်ညလုံး​ဆုတောင်း​လျက်​နေ​တော်မူ​၏။ 13မိုးလင်း​သောအခါ တပည့်​တော်​များ​ကို​ခေါ်​၍ ထို​သူ​တို့​အထဲမှ တစ်ဆယ့်နှစ်​ပါး​တို့​ကို​ရွေးကောက်​ပြီးလျှင် တမန်တော်​ဟူ၍ ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ထို​သူ​တို့​မှာ 14ပေတရု​ဟု​ကိုယ်တော်​မှည့်​ခေါ်​ထား​သော​ရှိမုန်​နှင့် သူ​၏​ညီ​အန္ဒြေ၊ ယာကုပ်​နှင့်​ယောဟန်၊ ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ 15မဿဲ​နှင့်​သောမ၊ အာလဖဲ​၏​သား​ယာကုပ်​နှင့် မျိုးချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိမုန်၊ 16ယာကုပ်​၏​သား​ယုဒ​နှင့် သစ္စာဖောက်​သော​သူ​ဖြစ်​သွား​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။
ဟောပြောသွန်သင်ခြင်းနှင့် လူနာတို့ကိုကျန်းမာစေတော်မူခြင်း
17ထို့နောက် ကိုယ်တော်​သည် သူ​တို့​နှင့်အတူ တောင်​ပေါ်မှ​ကြွဆင်း​လာ​၍ မြေပြန့်​အရပ်​တွင် ရပ်​တော်မူ​၏။ ထို​နေရာ​၌ တပည့်​တော်​တို့​၏​အစုအဝေး​ကြီး​မှစ၍ ယုဒ​နယ်​အရပ်ရပ်​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​မှ​လည်းကောင်း လာ​ကြ​သော လူ​အမြောက်အမြား​ရှိ​ကြ​၏။ 18သူ​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​ရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် ရောက်လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်ညူး​သော​နတ်​တို့​၏​ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​များ​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။ 19ကိုယ်တော်​ထံမှ​တန်ခိုး​တော်​ထွက်​၍ လူ​အပေါင်း​တို့​ကို​ကျန်းမာ​စေ​သောကြောင့် လူထု​ပရိသတ်​အားလုံး​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် ကြိုးစား​ကြ​၏။
မင်္ဂလာရှိသူများ
20ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ဘက်​သို့​မျက်နှာမူ​လျက် မြွက်ဆို​တော်မူ​သည်​မှာ“ဆင်းရဲ​နွမ်းပါး​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​နိုင်ငံ​ဖြစ်​၏။ 21ယခု​ဆာလောင်​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ ယခု​ငိုကြွေး​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ရယ်မော​ကြ​လိမ့်မည်။ 22လူ့သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်းတီး​သောအခါ​၌​လည်းကောင်း၊ သင်​တို့​ကို​ဝိုင်းပယ်​၍ ကဲ့ရဲ့​ပြစ်တင်​ကာ သင်​တို့​၏​နာမည်​ကို​ဖျက်​သောအခါ​၌​လည်းကောင်း သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 23ထို​နေ့ရက်​၌ ဝမ်းမြောက်​လျက် ကခုန်​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ပရောဖက်​များ​ကို ထိုနည်းတူ​ပြု​ကြ​၏။
အမင်္ဂလာရှိသူများ
24 သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။ 25ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။ 26လူ​အပေါင်း​တို့​သည် သင်​တို့​ကို​ချီးမွမ်း​ကြ​သောအခါ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ​သည် ပရောဖက်​အတုအယောင်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​၏။
ရန်သူကိုချစ်လော့
27 သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ 28သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ 29သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ 30သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။ 31သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။
32 သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။ 33သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။ 34ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။ 35သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။ 36သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။
သူတစ်ပါးကိုမစီရင်နှင့်
37 သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ 38ပေးကမ်း​ကြ​လော့။ သို့ပြုလျှင် သင်​တို့​ကို​လည်း ပေးကမ်း​လိမ့်မည်။ အလျှံပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်လျှံ​အောင် သင်​တို့​အိတ်​ထဲသို့ ထည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမူကား သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
39ထို့နောက် သူ​တို့​အား​ပုံ​ဥပမာ​တစ်ခု မြွက်ဆို​တော်မူ​သည်​မှာ“မျက်မမြင်​သည် မျက်မမြင်​ကို လမ်းပြ​နိုင်​သလော။ နှစ်ဦးစလုံး​တွင်း​ထဲသို့​ကျ​ကြ​လိမ့်မည်​မ​ဟုတ်​လော။ 40တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့သော် ပြည့်စုံ​စွာ​သင်ယူ​တတ်မြောက်​သော​သူ​တိုင်း​သည် မိမိ​ဆရာ​ကဲ့သို့​ဖြစ်​လိမ့်မည်။
41 သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။ 42သင်​သည် မိမိ​မျက်စိ​ထဲမှ သစ်တုံး​ကို​မ​မြင်​ဘဲ ‘ညီအစ်ကို၊ သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်ပေး​ပါရစေ’​ဟု သင့်​ညီအစ်ကို​အား မည်သို့​ပြော​နိုင်​မည်နည်း။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။
အပင်နှင့်အသီး
43 မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။ 44အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။ 45ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။
အုတ်မြစ်နှစ်မျိုး
46 သင်​တို့​သည် ငါ့​ကို ‘သခင်၊ သခင်’​ဟု ခေါ်​ကြ​ပြီး အဘယ်ကြောင့် ငါ​ပြော​သော​အရာ​ကို​မ​ကျင့်သုံး​ဘဲ​နေ​ကြ​သနည်း။ 47ငါ့​ထံသို့​လာ​ပြီး ငါ့​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် မည်သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ 48သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီးလျှင် ကျောက်​ပေါ်၌ အုတ်မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်းမိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သော်လည်း ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သောကြောင့် ထို​အိမ်​ကို​မ​လှုပ်ရှား​စေ​နိုင်။ 49သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။