YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 7:36-50

ရှင်လုကာခရစ်ဝင် 7:36-50 MSBU

ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။ ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင် ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။ ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။ ထိုအခါ ယေရှု​က“ရှိမုန်၊ သင့်​ကို ငါ​ပြော​စရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။ သူ​တို့​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် ကြွေးရှင်​သည် နှစ်ဦးစလုံး​တို့​၏​အကြွေး​ကို လျှော်ပစ်​လိုက်​လေ​၏။ သို့ဖြစ်လျှင် ထို​သူ​နှစ်​ဦး​တွင် မည်သူ​သည် ကြွေးရှင်​ကို ပို၍​ချစ်​မည်နည်း”​ဟု မေး​တော်မူ​၏။ ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​ယူဆ​သည့်​အတိုင်း​မှန်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။ သင်​သည် ငါ့​ကို​မ​နမ်း။ သို့သော် သူ​သည် ဝင်လာ​သည့်​အချိန်​မှစ၍ ငါ့​ခြေ​ကို​အဆက်မပြတ်​နမ်း​လျက်​နေ​၏။ သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့သော် သူ​သည် ငါ​၏​ခြေ​ကို ဆီမွှေး​ဖြင့်​လိမ်း​ပေး​၏။ ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​အမျိုးသမီး​အား“သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား“သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။