ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။ ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍ “ငါ့ကို ဒေနာရိတစ်ပြားပြကြလော့။ ၎င်းတွင် မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာပါသနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။ ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍ “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ဖွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။ တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။ ထိုအခါ ဒုတိယညီ၊ ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။ သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“မျက်မှောက်ကာလ၏သားသမီးတို့သည် ထိမ်းမြားစုံဖက်၍ ပေးစားဆောင်နှင်းတတ်ကြ၏။ သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။ နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။ မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြ၏”ဟု မိန့်တော်မူ၏။ ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။ ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။
ရှင်လုကာခရစ်ဝင် 20 ကိုဖတ်ပါ။
နားထောင်ပါ ရှင်လုကာခရစ်ဝင် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 20:20-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ