YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 19:1-27

ရှင်လုကာခရစ်ဝင် 19:1-27 MSBU

ထို့နောက် ကိုယ်တော်​သည် ဂျေရိခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်မူ​၏။ ထို​အရပ်​တွင် ဇက္ခဲ​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အခွန်​ကောက်ခံ​သူ​တို့​၏​အကြီးအကဲ​ဖြစ်​ပြီး ချမ်းသာ​သော​သူ​ဖြစ်​၏။ သူ​သည် ယေရှု​မည်သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုးစား​သော်လည်း အရပ်​ပု​သောကြောင့် လူထု​ပရိသတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။ ထို့ကြောင့် သူ​သည် ကိုယ်တော်​ကို​တွေ့မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သဖန်းပိုးစာ​ပင်​ပေါ်သို့​တက်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ထို​နေရာ​ကို​ဖြတ်​သွား​တော့မည်​ဖြစ်​၏။ ယေရှု​သည် ထို​နေရာ​သို့​ရောက်​သောအခါ မော့ကြည့်​လျက်“ဇက္ခဲ၊ သင့်​အိမ်​တွင် ယနေ့ ငါ​တည်းခို​ရ​မည်​ဖြစ်၍ အမြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ဇက္ခဲ​သည်​အမြန်​ဆင်း​လာ​၍ ကိုယ်တော်​ကို ဝမ်းမြောက်​စွာ လက်ခံ​ကြိုဆို​၏။ ဤ​အခြင်းအရာ​ကို မြင်​သော​သူ​အပေါင်း​တို့​က “ကိုယ်တော်​သည် အပြစ်သား​၏​အိမ်​သို့​ဝင်​၍​တည်းခို​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။ ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။ ယေရှု​က​လည်း“ယနေ့​ပင် ကယ်တင်​ခြင်း​သည် ဤ​အိမ်​ပေါ်သို့​သက်ရောက်​လေ​ပြီ။ အကြောင်းမူကား သူ​သည်​လည်း အာဗြဟံ​၏​သား​ဖြစ်​၏။ အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဤ​အကြောင်းအရာ​တို့​ကို နားထောင်​နေ​သော​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​ကို​ထပ်မံ​၍​ပေး​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​သဖြင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ချက်ချင်း​ပေါ်ထွန်း​လာ​မည်​ဟု သူ​တို့​ထင်မှတ်​ကြ​သောကြောင့်​ဖြစ်​၏။ ကိုယ်တော်​က“မြင့်မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး​ပြန်လာ​ရန် ဝေးလံ​သော​တိုင်းပြည်​သို့ ခရီး​သွား​လေ​၏။ ခရီး​မ​ပြု​မီ မိမိ​၏​အစေအပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိနာ့​ပေး​လျက် ‘ငါ​ပြန်လာ​သည်​အထိ စီးပွား​ရှာ​ကြ​လော့’​ဟု မှာထား​ခဲ့​၏။ သို့သော် သူ​၏​ပြည်သူ​ပြည်သား​တို့​သည် သူ့​ကို​မုန်း​သဖြင့် သူ့​နောက်မှ သံတမန်​ကို​စေလွှတ်​၍ ‘အကျွန်ုပ်​တို့​အပေါ် ဤ​သူ​အုပ်ချုပ်​မည်​ကို အကျွန်ုပ်​တို့​အလို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။ ထို့နောက် သူ​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး ပြန်လာ​သောအခါ ငွေ​ပေး​ထား​ခဲ့​သော​အစေအပါး​တို့​သည် စီးပွား​ရှာ​၍ အမြတ်​မည်မျှ​ရ​ကြ​သည်​ကို သိရှိ​နိုင်​မည့်​အကြောင်း သူ​တို့​ကို မိမိ​ထံသို့​ခေါ်​လာ​ရန် အမိန့်​ရှိ​၏။ ပထမ​တစ်​ဦး​သည် လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ဆယ်​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ကောင်းလေစွ။ အစေအပါး​ကောင်း၊ သင်​သည် သေးငယ်​သော​အမှု​၌ သစ္စာရှိ​သောကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​လေ​၏။ ဒုတိယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ငါး​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​၏။ ထို့နောက် အခြား​တစ်​ဦး​သည်​လာ​၍ ‘သခင်၊ ကြည့်​ပါ။ ပဝါ​ထဲ၌ အကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သခင်​၏​ငွေ​တစ်​မိနာ့​ရှိ​ပါ​သည်။ သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။ သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် အဘယ်ကြောင့် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ မ​အပ်ထား​သနည်း။ အပ်ထားလျှင် ငါ​ပြန်လာ​သောအခါ ၎င်း​ကို အတိုး​နှင့်တကွ ငါ​ရရှိ​ခဲ့​ပေ​လိမ့်မည်’​ဟု ဆို​လေ​၏။ ထို့နောက် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိနာ့​ကို သူ့​ထံမှ​ယူ​၍ ငွေ​ဆယ်​မိနာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။ သူ​တို့​က​လည်း ‘သခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိနာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင် သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။