YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 11

11
စင်ကြယ်သောကုန်းနေသတ္တဝါ၊ မစင်ကြယ်သောကုန်းနေသတ္တဝါ
1တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 2“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ မြေကြီး​ပေါ်​ရှိ တိရစ္ဆာန်​အပေါင်း​တို့​ထဲမှ သင်​တို့​စား​၍​ရ​သော​တိရစ္ဆာန်​ဟူမူကား 3တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော​တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။ 4သို့သော်လည်း စားမြုံ့ပြန်​သော​အကောင်​၊ ခွာ​ကွဲ​သော​အကောင်​တို့​ထဲမှ သင်​တို့​စား​ခွင့်​မ​ရှိ​သော​အကောင်​ဟူမူကား ကုလားအုတ်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊ 5ရှာဖန်ယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊ 6တောယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊ 7ဝက်​သည် ခွာ​နှစ်ခြမ်းကွဲ​သော်လည်း စားမြုံ့​မ​ပြန်​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊ 8ထို့ကြောင့် ထို​အကောင်​တို့​၏​အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း မ​ထိ​ရ​။ ထို​အကောင်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။
စင်ကြယ်သောရေနေသတ္တဝါ၊ မစင်ကြယ်သောရေနေသတ္တဝါ
9ပင်လယ်​ထဲမှ​ဖြစ်စေ​၊ ချောင်း​များ​ထဲမှ​ဖြစ်စေ ရေ​နေ​သတ္တဝါ​အားလုံး​ထဲမှ ဆူးတောင်​နှင့်​အကြေး​ရှိ​သော​အကောင်​အားလုံး​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။ 10သို့သော် ပင်လယ်​ထဲမှ​ဖြစ်စေ​၊ ချောင်း​များ​ထဲမှ​ဖြစ်စေ ရေ​ထဲ၌​အုပ်စုလိုက်​နေထိုင်​သွားလာ​သည့် ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​နှင့် ရေ​ထဲ၌​အသက်ရှင်​နေထိုင်​သည့် ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ 11ထို​သတ္တဝါ​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​သောကြောင့် ၎င်း​တို့​၏​အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း ရွံရှာ​ရ​မည်​။ 12ရေ​ထဲမှ ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။
မစင်ကြယ်သောငှက်များ
13ရွံရှာဖွယ်​ဖြစ်​သည်​ဟု မှတ်​၍ မ​စား​ရ​မည့်​ရွံရှာဖွယ်​ငှက်​များ​မှာ
လင်းယုန်​၊ လင်းတ​၊ ဝန်ပို​၊
14စွန်ခေါင်းဖြူ​၊ စွန်နက်​နှင့်တကွ စွန်​အမျိုးမျိုး​၊
15ကျီးကန်း​မျိုး​ရှိသမျှ​၊
16ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊
17ဇီးကွက်​၊ တင်ကျီးငှက်​၊ ဒီးဒုတ်​၊
18လင်ကောင်ပိုး​၊ ငှက်ကြီးဝန်ပို​၊ ဝန်လက်​၊
19ငှက်ကျား​၊ ငဟစ်ငှက်​အမျိုးမျိုး​၊ တောင်ဘီစူးငှက်​၊ လင်းနို့ တို့​ဖြစ်​ကြ​၏​။
စင်ကြယ်သောအတောင်ပံပါပိုးမွှားများ၊ မစင်ကြယ်သောအတောင်ပံပါပိုးမွှားများ
20ခြေ​လေး​ချောင်း​ဖြင့်​သွား​၍ အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ 21သို့ရာတွင် ခြေ​လေး​ချောင်း​ဖြင့်​သွား​၍ အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​ထဲမှ မြေကြီး​ပေါ်၌​ခုန်ပျံ​ရန် ခြေ​နှစ်ချောင်း​ထပ်​ပါ​သည့်​အကောင်​များ​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။ 22ထိုသို့သော​အကောင်​များ​ဖြစ်​သည့် အညိုရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ အစိမ်းရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ ပုရစ်​အမျိုးမျိုး​နှင့် နှံကောင်​အမျိုးမျိုး​တို့​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။ 23ခြေ​လေး​ချောင်း​ရှိ​၍ ပျံ​တတ်​သော ပိုးမွှားသတ္တဝါ​အားလုံး​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။
အသေကောင်နှင့်ထိမိသူကို စင်ကြယ်စေခြင်း
24ထို​အကောင်​များ​အားဖြင့် သင်​တို့​သည် မစင်မကြယ်​ဖြစ်​မည်​။ ၎င်း​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ 25၎င်း​တို့​၏​အသေကောင်​ကို ကိုင်​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ 26ခွာ​နှစ်ခြမ်း​မ​ကွဲ​သော​တိရစ္ဆာန်​၊ စားမြုံ့​မ​ပြန်​သော​တိရစ္ဆာန်​အားလုံး​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။ ၎င်း​တို့​ကို​ထိ​သော​သူ​အားလုံး​တို့​သည်​လည်း မစင်ကြယ်​။ 27ခြေ​လေး​ချောင်း​ဖြင့်​သွား​သော​တိရစ္ဆာန်​အားလုံး​တို့​ထဲမှ ဖဝါး​ဖြင့်​သွား​သော​အကောင်​ရှိသမျှ​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။ ထို​အကောင်​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။ 28ထို​အသေကောင်​ကို ကိုင်​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​တိရစ္ဆာန်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။
29မြေကြီး​ပေါ်၌ တွားသွား​သော​သတ္တဝါ​တို့​တွင် သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​များ​ဟူမူကား မြွေပါ​၊ ကြွက်​၊ ပုတတ်​အမျိုးမျိုး​၊ 30တောက်တဲ့​၊ ဖွတ်​၊ အိမ်မြှောင်​၊ ကင်းလိပ်ချော​နှင့်​ပုတ်သင်ညို တို့​ဖြစ်​ကြ​၏​။ 31တွားသွားသတ္တဝါ​ရှိသမျှ​တို့​တွင် ထို​အကောင်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​များ​ဖြစ်​၏​။ ထို​အကောင်​များ​သေ​သောအခါ အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။ 32ထို​အကောင်​များ​ထဲမှ တစ်ကောင်ကောင်​သေ​၍ အသေကောင်​သည် အလုပ်​လုပ်​ရာ​တွင် အသုံးပြု​သော​ပစ္စည်း​ဖြစ်​သည့် သစ်သား​၊ ပိတ်စ​၊ သားရေ​၊ လျှော်တေ​ဖြင့် ပြုလုပ်​ထား​သော​အသုံးအဆောင်​တစ်စုံတစ်ခု​ပေါ်သို့​ကျ​လျှင် ထို​အရာ​သည် မစင်ကြယ်​။ ထို​အရာ​ကို ရေ​ထဲ၌ နှစ်​ရ​မည်​။ ထို​အရာ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။ 33ထို​အသေကောင်​သည် မြေ​ဖြင့်​ပြုလုပ်​ထား​သော​အိုးခွက်​တစ်စုံတစ်ခု​ထဲသို့​ကျ​လျှင် ထို​အိုးခွက်​ထဲ​ရှိသမျှ​သည် မစင်ကြယ်​။ ထို​အိုးခွက်​ကို ခွဲပစ်​ရ​မည်​။ 34ထို​အိုးခွက်​မှ​ရေ​သည် စား​မည့်​အစားအစာ​တစ်စုံတစ်ရာ​ပေါ်သို့​ကျ​လျှင် ထို​စားစရာ​သည်​မစင်ကြယ်​။ ထို​အိုးခွက်​ထဲရှိ သောက်​မည့်​အရည်​တစ်စုံတစ်ရာ​သည်​လည်း မစင်ကြယ်​။ 35ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် တစ်စုံတစ်ရာ​ပေါ်သို့​ကျ​လျှင် ထို​အရာ​သည် မစင်ကြယ်​။ ထို​အရာ​သည် မီးဖို​ဖြစ်စေ​၊ ဖိုခနောက်​ဖြစ်စေ ဖျက်ပစ်​ရ​မည်​။ ထို​အရာ​တို့​သည် မစင်ကြယ်​။ သင်​တို့​အတွက် မစင်ကြယ်​။ 36စမ်းရေ​၊ သို့မဟုတ် ရေ​လှောင်တွင်း​ထဲသို့ ကျ​လျှင်​မူကား ၎င်း​တို့​သည် စင်ကြယ်​၏​။ အသေကောင်​ကို ထိမိ​သော​သူ​သည်​သာ မစင်ကြယ်​။ 37ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် မျိုးကြဲ​ရန် မျိုးစေ့​တစ်စုံတစ်ရာ​ပေါ်သို့ ကျ​လျှင် ထို​မျိုးစေ့​သည် စင်ကြယ်​၏​။ 38သို့ရာတွင် ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် ရေ​စိမ်​ထား​သော​မျိုးစေ့​ပေါ်သို့​ကျ​လျှင် ထို​မျိုးစေ့​သည် သင်​တို့​အတွက် မစင်ကြယ်​။
39သင်​တို့​စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​များ​ထဲမှ တစ်ကောင်ကောင်​သေ​လျှင် ထို​အသေကောင်​ကို​ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ 40ထို​အသေကောင်​ကို​စား​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​အသေကောင်​ကို ကိုင်​သော​သူ​သည်​လည်း မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။
မစင်ကြယ်သောတွားသွားသတ္တဝါများ
41မြေကြီး​ပေါ်၌​တွားသွား​သော​သတ္တဝါ​တိုင်း​သည် ရွံရှာဖွယ်​ရာ​ဖြစ်၍ မ​စား​ရ​။ 42ဝမ်းဗိုက်​ဖြင့်​တွားသွား​သော​အကောင်​၊ ခြေ​လေး​ချောင်း​ဖြင့်​တွားသွား​သော​အကောင်​၊ ခြေ​များစွာ​ဖြင့်​တွားသွား​သော​အကောင်​စသည့် မြေကြီး​ပေါ်၌​တွားသွား​သော​သတ္တဝါ​ရှိသမျှ​တို့​သည် ရွံရှာဖွယ်​ရာ​ဖြစ်၍ မ​စား​ရ​။ 43မည်သည့်​တွားသွားသတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။ ထို​သတ္တဝါ​တို့​အားဖြင့် သင်တို့ကိုယ်သင်တို့ မစင်မကြယ်​ဖြစ်​အောင်​၊ ညစ်ညူး​အောင်​မ​ပြု​နှင့်​။ 44ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ မြေ​ပေါ်မှာ​တွားသွား​သော မည်သည့်​သတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။ 45ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည့်​အကြောင်း သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သန့်ရှင်း​ရ​မည်​။#ဝတ် 19:2၊ 20:7၊ ၁ပေ 1:16။
46ဤသည်ကား သားယဉ်​သားရဲ​တိရစ္ဆာန်​၊ ငှက်​၊ ရေ​ထဲ၌​လှုပ်ရှားသွားလာ​သော​သက်ရှိသတ္တဝါ​အားလုံး​၊ မြေကြီး​ပေါ်၌ တွားသွား​သော​သတ္တဝါ​အားလုံး​တို့​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်၍ 47စင်ကြယ်​သော​အရာ​နှင့် မစင်ကြယ်​သော​အရာ​၊ စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​နှင့် စား​ခွင့်​မ​ရှိ​သော​တိရစ္ဆာန်​တို့​ကို ခွဲခြား​နိုင်​ရန်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ