YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 10

10
နာဒပ်နှင့်အဘိဟု
1အာရုန်​၏​သား​နာဒပ်​နှင့်​အဘိဟု​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ကိုယ်စီ​ယူ​၍ မီး​ထည့်​ကာ ထို​မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​ပြီးလျှင် သူ​တို့​အား မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့် အခြား​သော​မီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ကြ​၏​။ 2ထို့ကြောင့် ထာဝရဘုရား​ထံ​တော်​မှ မီး​ထွက်လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ သေ​ကြ​လေ​၏​။ 3ထိုအခါ မောရှေ​က အာရုန်​အား “​ထာဝရဘုရား​က ‘​ငါ့​ထံသို့​ချဉ်းကပ်​သော​သူ​တို့​အား ငါ​သန့်ရှင်း​ကြောင်း ငါ​ထင်ရှား​ပြ​မည်​။ လူ​အပေါင်း​တို့​ရှေ့​၌ ငါ​သည် ဘုန်းအသရေ​ရှိ​မည်​’​ဟူ၍ မိန့်ဆို​ခဲ့​သည်​မှာ ဤ​အမှု​ကို​ဆိုလို​၏​”​ဟု ဆို​သော် အာရုန်​သည် တိတ်ဆိတ်​နေ​လေ​၏​။
4မောရှေ​သည် အာရုန်​၏​ဘထွေး​ဖြစ်​သော ဩဇေလ​၏​သား မိရှေလ​နှင့်​ဧလဇာဖန်​တို့​ကို ခေါ်​၍ သူ​တို့​အား “​လာ​ကြ​။ သင်​တို့​ညီအစ်ကို​တို့​၏​အလောင်း​ကို သန့်ရှင်းရာဌာန​တော်​၏​ရှေ့​မှ တပ်စခန်း​အပြင်ဘက်​သို့ သယ်ဆောင်​သွား​ကြ​လော့​”​ဟု ဆို​၏​။ 5ထို့ကြောင့် သူ​တို့​သည် လာ​၍ မောရှေ​ပြော​သည့်​အတိုင်း အလောင်း​တို့​ကို သင်တိုင်း​နှင့်တကွ တပ်စခန်း​အပြင်ဘက်​သို့ သယ်ဆောင်​သွား​ကြ​၏​။
6ထို့နောက် မောရှေ​သည် အာရုန်​နှင့် သူ​၏​သား​ဧလာဇာ​၊ ဣသမာ​တို့​အား “​သင်​တို့ မ​သေ​ကြ​ရ​မည့်​အကြောင်း​၊ ကိုယ်တော်​သည် လူထု​အပေါင်း​တို့​ကို​အမျက်ထွက်​တော်​မ​မူ​မည့်​အကြောင်း သင်​တို့​၏​ဆံပင်​ကို ဖားလျား​မ​ချ​နှင့်​၊ သင်​တို့​၏​အဝတ်​ကို မ​ဆုတ်​နှင့်​။ သင်​တို့​၏​အမျိုးသားချင်း​များ​ဖြစ်​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထာဝရဘုရား​ရှို့​တော်မူ​သော​မီး​အတွက် ငိုကြွေး​ရ​ကြ​မည်​။ 7သင်​တို့​အပေါ် ထာဝရဘုရား​၏​ဘိသိက်​ဆီ သွန်းလောင်း​ထား​သည်​ဖြစ်၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​မှ သင်​တို့ မ​ထွက်သွား​ရ​။ ထွက်သွား​လျှင် သင်​တို့ သေ​ကြ​ရ​လိမ့်မည်​”​ဟု ဆို​၏​။ သို့ဖြစ်၍ မောရှေ​၏​စကား​အတိုင်း သူ​တို့​ပြု​ကြ​၏​။
ယဇ်ပုရောဟိတ်တို့လိုက်နာရမည့်ပြဋ္ဌာန်းချက်
8တစ်ဖန် ထာဝရဘုရား​က အာရုန်​အား
9“​သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား သင်​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ မ​သေ​ကြ​ရ​မည့်​အကြောင်း သင်​နှင့်​သင်​၏​သား​တို့​သည် စပျစ်ဝိုင်​၊ သေရည်သေရက်​တို့​ကို​မ​သောက်​ရ​။ 10သို့ဖြစ်လျှင် သန့်ရှင်းသောအရာ​နှင့်​မသန့်ရှင်း​သော​အရာ​၊ စင်ကြယ်​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ​ကို ခွဲခြား​နိုင်​မည်​။ 11မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား သွန်သင်​နိုင်​မည်​”​ဟု မိန့်​တော်မူ​၏​။
12ထို့နောက် မောရှေ​က အာရုန်​နှင့် အသက်ရှင်​ကျန်ရစ်​ခဲ့​သော​သား​ဧလာဇာ​၊ ဣသမာ​တို့​အား “​ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ထဲမှ ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို​ယူ​လော့​။ ဤ​ပူဇော်သက္ကာ​သည် အထူး​သန့်ရှင်း​သည်​ဖြစ်၍ တဆေးမပါ​ဘဲ ယဇ်ပလ္လင်​ဘေး​၌​စား​ရ​မည်​။ 13ဤကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ထဲမှ သင်​ရရှိ​ရ​မည့်​ဝေစု​၊ သင့်​သား​တို့​ရရှိ​ရ​မည့်​ဝေစု​ဖြစ်၍ ဤ​ပူဇော်သက္ကာ​ကို သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ငါ့​အား ဤသို့ မိန့်မှာ​တော်မူ​ပြီ​။ 14ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ အလှူပစ္စည်း​ဖြစ်​သော​ပေါင်​တို့​ကို သင်​နှင့် သင့်​သား​သမီး​တို့​သည် သန့်ရှင်း​သော​နေရာ​၌ စား​ကြ​ရ​မည်​။ အကြောင်းမူကား ၎င်း​တို့​ကို အစ္စရေး​အမျိုးသား​၏​မိတ်သဟာယယဇ်​ထဲမှ သင်​ရရှိ​ရ​မည့်​ဝေစု​၊ သင့်​သားသမီး​တို့​ရရှိ​ရ​မည့်​ဝေစု​အဖြစ် ပေး​ထား​တော်မူ​ပြီ​။ 15ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ်​ချီလွှဲ​ရန် အလှူပစ္စည်း​ဖြစ်​သော​ပေါင်​၊ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​တို့​ကို မီး​ဖြင့်​ပူဇော်​မည့်​အဆီ​များ​နှင့်အတူ ယူဆောင်​လာ​ရ​မည်​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဤ​အမှု​သည် သင်​နှင့် သင့်​သားသမီး​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု ဆို​၏​။
16ထို့နောက် မောရှေ​သည် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​အကြောင်း စုံစမ်းမေးမြန်း​သောအခါ ၎င်း​ကို​မီးရှို့​ပြီး​နှင့်​ပြီ​ကို သိမြင်​လေ​၏​။ ထို့ကြောင့် သူ​သည် အာရုန်​၏​အသက်ရှင်​ကျန်ရစ်​ခဲ့​သော​သား ဧလာဇာ​၊ ဣသမာ​တို့​အား အမျက်ထွက်​၍ 17“​အပြစ်ဖြေရာယဇ်​၏​အသား​သည် အထူး​သန့်ရှင်း​၏​။ လူထု​တို့​၏​ဒုစရိုက်​ကို​ယူဆောင်​သွား​ရန်​နှင့် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထို​အသား​ကို သင်​တို့​အား​ပေး​ထား​တော်မူ​ပြီ​။ သို့ဖြစ်၍ သင်​တို့​သည် အဘယ်ကြောင့် သန့်ရှင်းရာဌာန​တော်​၌ မ​စား​ကြ​သနည်း​။ 18ယဇ်ကောင်​၏​သွေး​ကို​လည်း သန့်ရှင်းရာဌာန​တော်​အတွင်း​သို့ မ​ယူဆောင်​ခဲ့​ကြ​ပါ​တကား​။ အကယ်စင်စစ် သင်​တို့​သည် ငါ​မှာကြား​ထား​သည့်​အတိုင်း ယဇ်ကောင်​၏​အသား​ကို သန့်ရှင်းရာဌာန​တော်​၌ စား​ရ​မည်​”​ဟု ဆို​လေ​၏​။
19ထိုအခါ အာရုန်​က မောရှေ​အား “​ကြည့်​ပါ​လော့​။ ယနေ့ လူ​တို့​သည် မိမိ​တို့​၏​အပြစ်ဖြေရာယဇ်​နှင့်​မီးရှို့ရာယဇ်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၌ ဤ​ကဲ့သို့သော​အရာ​များ​ဖြစ်ပျက်​ခဲ့​သည်​ဖြစ်၍ ယနေ့ အပြစ်ဖြေရာယဇ်​၏​အသား​ကို​အကျွန်ုပ်​စား​လျှင် ထာဝရဘုရား​သည် နှစ်သက်​သဘောကျ​ပါ​မည်လော​”​ဟု ဆို​၏​။ 20မောရှေ​သည် ထို​စကား​ကို​ကြား​သောအခါ နှစ်သက်​သဘောကျ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ