YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 14:6-15

ယောရှုမှတ်စာ 14:6-15 MSBU

တစ်နေ့တွင် ယုဒ​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​ရှိ ယောရှု​ထံသို့ လာ​၍ ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​က “​ကာဒေရှဘာနာ​အရပ်​၌ ထာဝရဘုရား​သည် သင်​နှင့်​ကျွန်ုပ်​ကို ရည်ညွှန်း​၍ ဘုရားသခင်​၏​လူ​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​များ​ကို သင်​သိ​ပါ​၏​။ ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အကျွန်ုပ်​အား ဤ​ပြည်​ကို​စူးစမ်း​ရန် ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​စဉ်က အကျွန်ုပ်​အသက် လေးဆယ် ရှိ​ပါ​၏​။ အကျွန်ုပ် အမှန်​အတိုင်း ပြန်လည်​လျှောက်တင်​ခဲ့​ပါ​၏​။ သို့သော် အကျွန်ုပ်​နှင့်အတူ လိုက်သွား​သော​ညီအစ်ကို​တို့​သည် လူ​တို့​ကို စိတ်ပျက်အားလျော့​စေ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ကား ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​ပါ​၏​။ ထို့ကြောင့် ထို​နေ့​တွင် မောရှေ​က ‘​သင်​သည် ငါ​၏​ဘုရားသခင် ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​သောကြောင့် သင်​ခြေချ​သော​မြေ​သည် သင်​နှင့်​သင့်​သားမြေး​တို့​အတွက် အမွေမြေ​အစဉ်​ဖြစ်​ရ​မည်​’​ဟု ကျိန်ဆို​ခဲ့​ပါ​၏​။ ယခု ကြည့်ရှု​လော့​။ အစ္စရေး​လူမျိုး​တို့ တောကန္တာရ​တွင်​လှည့်လည်​နေစဉ် ဤ​အကြောင်းအရာ​ကို မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အချိန်​မှစ၍ ယခုချိန်​ထိ ထာဝရဘုရား​သည် အကျွန်ုပ်​ကို လေးဆယ့်​ငါး​နှစ်​ပတ်လုံး​အသက်ရှင်​စေ​ခဲ့​ပါ​၏​။ ယနေ့မှာ အကျွန်ုပ်​အသက် ရှစ်ဆယ့်​ငါး​နှစ် ရှိ​ပါ​ပြီ​။ အကျွန်ုပ်​အား မောရှေ​စေလွှတ်​ခဲ့​သော​နေ့​က​ကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာ​ဆဲ​ရှိ​ပါ​၏​။ စစ်ချီထွက်​ရန်​၊ စစ်တိုက်​ရန် ယခင်က ခွန်အား​ရှိ​သကဲ့သို့ ယခု​လည်း ရှိ​ပါ​၏​။ ထို့ကြောင့် ထို​နေ့​က ထာဝရဘုရား ကတိထား​တော်မူ​ခဲ့​သော ဤ​တောင်ပေါ်ဒေသ​ကို အကျွန်ုပ်​အား ပေး​ပါ​လော့​။ ထို​နေရာ​၌ အာနက​လူမျိုး​များ​နေထိုင်​ကြ​ကြောင်း​၊ ကြီးမား​ခိုင်ခံ့​သော​မြို့​များ​ရှိ​ကြောင်း ထို​နေ့​က သင်​ကြားသိ​ခဲ့​ရ​ပါ​၏​။ သို့သော် ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် ထာဝရဘုရား​အမိန့်​တော်​အတိုင်း ထို​သူ​တို့​ကို နှင်ထုတ်​ပါ​မည်​”​ဟု ဆို​လေ​၏​။ ယောရှု​သည် ယေဖုန္နာ​၏​သား ကာလက်​ကို ကောင်းချီးပေး​၍ ဟေဗြုန်​မြို့​ကို​လည်း အမွေမြေ​အဖြစ် ပေး​လေ​၏​။ ထိုသို့ ကေနက်​အမျိုး ယေဖုန္နာ​၏​သား ကာလက်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစိုက်​လိုက်​သောကြောင့် ဟေဗြုန်​မြို့​သည် ယနေ့​တိုင်အောင် သူ​၏​အမွေမြေ​ဖြစ်​လေ​၏​။ ယခု ဟေဗြုန် ဟု​ခေါ်​သော​မြို့​သည် ယခင်က ကိရယအာဘ​မြို့​ဟု​ခေါ်​၏​။ အာဘ​သည် အာနက​လူမျိုး​တို့​တွင် အကြီးအကဲ​ဖြစ်​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။