YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 14

14
ခါနာန်ပြည်တွင် အစ္စရေးအမျိုးသားတို့ရသောအမွေမြေ
1ခါနာန်​ပြည်​တွင် ယဇ်ပုရောဟိတ် ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​က အမွေခွဲ​ပေး​၍ အစ္စရေး​အမျိုးသား​တို့ ရရှိ​သော​အမွေမြေ​ကား ဤသို့​တည်း​။ 2မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးအနွယ် ကိုး​နွယ်​နှင့်​တစ်ဝက်​တို့​အား အမွေမြေ​ကို မဲချ​ခွဲဝေ​ပေး​၏​။ 3မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။ 4ယောသပ်​၏​သား​တို့​သည် မနာရှေ​အမျိုးအနွယ်​နှင့် ဧဖရိမ်​အမျိုးအနွယ်​ဟူ၍ အမျိုးအနွယ်​နှစ်​နွယ်​ဖြစ်လာ​၏​။ လေဝိ​အမျိုး​ကို အမွေမြေ မ​ခွဲပေး​သော်လည်း သူ​တို့​နေစရာ​မြို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​တိရစ္ဆာန်​များ​အတွက် စားကျက်မြေ​များ​ကို​မူ ပေး​ထား​၏​။ 5အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း ပြု​၍ အမွေ​မြေ​ကို ခွဲဝေ​ယူ​ကြ​၏​။
ကာလက်ရရှိသောအမွေမြေ
6တစ်နေ့တွင် ယုဒ​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​ရှိ ယောရှု​ထံသို့ လာ​၍ ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​က “​ကာဒေရှဘာနာ​အရပ်​၌ ထာဝရဘုရား​သည် သင်​နှင့်​ကျွန်ုပ်​ကို ရည်ညွှန်း​၍ ဘုရားသခင်​၏​လူ​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​များ​ကို သင်​သိ​ပါ​၏​။ 7ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အကျွန်ုပ်​အား ဤ​ပြည်​ကို​စူးစမ်း​ရန် ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​စဉ်က အကျွန်ုပ်​အသက် လေးဆယ် ရှိ​ပါ​၏​။ အကျွန်ုပ် အမှန်​အတိုင်း#14:7 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်ထဲ၌ရှိသည့်အတိုင်း”။ ပြန်လည်​လျှောက်တင်​ခဲ့​ပါ​၏​။ 8သို့သော် အကျွန်ုပ်​နှင့်အတူ လိုက်သွား​သော​ညီအစ်ကို​တို့​သည် လူ​တို့​ကို စိတ်ပျက်အားလျော့​စေ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ကား ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​ပါ​၏​။ 9ထို့ကြောင့် ထို​နေ့​တွင် မောရှေ​က ‘​သင်​သည် ငါ​၏​ဘုရားသခင် ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​သောကြောင့် သင်​ခြေချ​သော​မြေ​သည် သင်​နှင့်​သင့်​သားမြေး​တို့​အတွက် အမွေမြေ​အစဉ်​ဖြစ်​ရ​မည်​’​ဟု ကျိန်ဆို​ခဲ့​ပါ​၏​။
10ယခု ကြည့်ရှု​လော့​။ အစ္စရေး​လူမျိုး​တို့ တောကန္တာရ​တွင်​လှည့်လည်​နေစဉ် ဤ​အကြောင်းအရာ​ကို မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အချိန်​မှစ၍ ယခုချိန်​ထိ ထာဝရဘုရား​သည် အကျွန်ုပ်​ကို လေးဆယ့်​ငါး​နှစ်​ပတ်လုံး​အသက်ရှင်​စေ​ခဲ့​ပါ​၏​။ ယနေ့မှာ အကျွန်ုပ်​အသက် ရှစ်ဆယ့်​ငါး​နှစ် ရှိ​ပါ​ပြီ​။ 11အကျွန်ုပ်​အား မောရှေ​စေလွှတ်​ခဲ့​သော​နေ့​က​ကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာ​ဆဲ​ရှိ​ပါ​၏​။ စစ်ချီထွက်​ရန်​၊ စစ်တိုက်​ရန် ယခင်က ခွန်အား​ရှိ​သကဲ့သို့ ယခု​လည်း ရှိ​ပါ​၏​။ 12ထို့ကြောင့် ထို​နေ့​က ထာဝရဘုရား ကတိထား​တော်မူ​ခဲ့​သော ဤ​တောင်ပေါ်ဒေသ​ကို အကျွန်ုပ်​အား ပေး​ပါ​လော့​။ ထို​နေရာ​၌ အာနက​လူမျိုး​များ​နေထိုင်​ကြ​ကြောင်း​၊ ကြီးမား​ခိုင်ခံ့​သော​မြို့​များ​ရှိ​ကြောင်း ထို​နေ့​က သင်​ကြားသိ​ခဲ့​ရ​ပါ​၏​။ သို့သော် ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် ထာဝရဘုရား​အမိန့်​တော်​အတိုင်း ထို​သူ​တို့​ကို နှင်ထုတ်​ပါ​မည်​”​ဟု ဆို​လေ​၏​။
13ယောရှု​သည် ယေဖုန္နာ​၏​သား ကာလက်​ကို ကောင်းချီးပေး​၍ ဟေဗြုန်​မြို့​ကို​လည်း အမွေမြေ​အဖြစ် ပေး​လေ​၏​။ 14ထိုသို့ ကေနက်​အမျိုး ယေဖုန္နာ​၏​သား ကာလက်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစိုက်​လိုက်​သောကြောင့် ဟေဗြုန်​မြို့​သည် ယနေ့​တိုင်အောင် သူ​၏​အမွေမြေ​ဖြစ်​လေ​၏​။ 15ယခု ဟေဗြုန် ဟု​ခေါ်​သော​မြို့​သည် ယခင်က ကိရယအာဘ​မြို့​ဟု​ခေါ်​၏​။ အာဘ​သည် အာနက​လူမျိုး​တို့​တွင် အကြီးအကဲ​ဖြစ်​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ