YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 10

10
နေရပ်တန့်သွားသောနေ့
1ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ 2အလွန်​ကြောက်​လေ​၏​။ အကြောင်းမူကား ဂိဗောင်​မြို့​သည် မင်းနေပြည်တော်​မြို့​ကဲ့သို့ ခမ်းနားကြီးကျယ်​သော​မြို့​ဖြစ်​၏​။ အာဣ​မြို့​ထက်​ကြီး​၍ ထို​မြို့​ရှိ​ယောက်ျား​အပေါင်း​တို့​သည်​လည်း စစ်သူရဲ​များ​ဖြစ်​ကြ​၏​။ 3ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ 4“​ဂိဗောင်​မြို့သား​တို့​သည် ယောရှု​နှင့်​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​နှင့်​လည်းကောင်း မိတ်ဖွဲ့​ပြီ​ဖြစ်၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ရန် ငါ့​ကို လာ​ကူညီ​ကြ​ပါ​”​ဟု မှာလိုက်​၏​။ 5ထို့ကြောင့် အာမောရိ​ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​သည် သူ​တို့​၏​စစ်သည်​အပေါင်း​တို့​နှင့်တကွ ပူးပေါင်း​စစ်ချီ​ကြ​၏​။ ဂိဗောင်​မြို့​အနီး​၌ စခန်းချ​၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ကြ​၏​။
6ထိုအခါ ဂိဗောင်​မြို့သား​တို့​သည် ဂိလဂါလ​အရပ်​၌​တပ်စခန်း​ချ​နေ​သော​ယောရှု​ထံသို့ လူ​လွှတ်​၍ “​တောင်ပေါ်ဒေသ​၌​နေထိုင်​သော အာမောရိ​ဘုရင်​တို့ ပူးပေါင်း​ပြီး အကျွန်ုပ်​တို့​ကို လာတိုက်​ပါ​ပြီ​။ သို့ဖြစ်၍ အရှင့်​အစေအပါး​တို့​ကို ပစ်​မ​ထား​ပါ​နှင့်​။ အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​လာ​၍ ကူညီ​ကယ်တင်​ပါ​လော့​”​ဟု လျှောက်ဆို​စေ​၏​။ 7ယောရှု​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​အပေါင်း​တို့​နှင့်တကွ စစ်တပ်​တစ်တပ်လုံး​ကို​ခေါ်​၍ ဂိလဂါလ​အရပ်​မှ စစ်ချီထွက်​လေ​၏​။
8ထာဝရဘုရား​က ယောရှု​အား “​သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​ဖြစ်၍ သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ရှေ့​၌ ထို​သူ​တို့​တစ်ယောက်မျှ ခံရပ်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
9ယောရှု​သည် ဂိလဂါလ​အရပ်​မှ တစ်ညလုံး​စစ်ချီ​၍ ရန်သူ​တို့​ကို အလစ်​ဝင်တိုက်​လေ​၏​။ 10ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။ 11ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။
12အာမောရိ​လူမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သော​နေ့​၌ ယောရှု​သည် ထာဝရဘုရား​ထံ ဆုတောင်း​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​ရှေ့မှောက်​တွင် “​အို နေ​၊ ဂိဗောင်​မြို့​ပေါ် တန့်​နေ​လော့​။ အို လ​၊ အာယလုန်​ချိုင့်ဝှမ်း​ပေါ် တန့်​နေ​လော့​”​ဟု ဆို​၏​။
13လူမျိုး​တော်​တို့​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​ပြီး​သည်​အထိ နေ​သည် ငြိမ်ဝပ်​လျက်​၊ လ​သည် တန့်​လျက် နေ​၏​။ ထို​အကြောင်း​ကို ယာရှာ​စာအုပ်​၌ ရေးဖွဲ့​ထား​၏​။ နေ​သည် တစ်နေ့လုံး မ​ရွေ့​မ​လျား ကောင်းကင်​အလယ်​၌ တန့်​လျက်​နေ​၏​။
14ထာဝရဘုရား​သည် ထို​နေ့​ကဲ့သို့ လူ​၏​စကား​ကို နားညောင်း​သော​အဖြစ်​မျိုး ယခင်က မ​ဖြစ်​ဖူး​၊ နောင်​လည်း ဖြစ်​မည်​မ​ဟုတ်​။ စင်စစ် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် စစ်တိုက်​တော်မူ​ခဲ့​၏​။ 15ယောရှု​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မိမိ​တို့​စခန်းချ​ရာ ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​၏​။
ရှင်ဘုရင်ငါးပါးတို့ကို ကွပ်မျက်ခြင်း
16ရှင်ဘုရင်​ငါး​ပါး​တို့​မှာ​မူ ထွက်ပြေး​၍ မက္ကဒါ​အရပ်​ရှိ လိုဏ်ဂူ​ထဲတွင် ပုန်း​နေ​ကြ​၏​။ 17“​ရှင်ဘုရင်​ငါး​ပါး​သည် မက္ကဒါ​အရပ်​ရှိ​လိုဏ်ဂူ​ထဲ၌ ပုန်း​နေ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ယောရှု​အား ကြားလျှောက်​ကြ​သောအခါ
18ယောရှု​က “​လိုဏ်ဂူ​ဝ​ကို ကျောက်တုံး​ကြီး​များ​နှင့် ပိတ်​ထား​၍ လူစောင့်​ချ​ထား​ခဲ့​လော့​။ 19သင်​တို့​မူကား ရပ်စောင့်​မ​နေ​ဘဲ ရန်သူ​တို့​နောက်သို့​လိုက်​၍ တိုက်ခိုက်​ကြ​လော့​။ သူ​တို့​ကို မြို့​ထဲသို့ တစ်ယောက်​မျှ မ​ဝင်​စေ​နှင့်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ 20ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး အပြီးတိုင်​ချေမှုန်း​ခဲ့​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ခံတပ်​မြို့​သို့ ပြေးဝင်​ကြ​၏​။ 21အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ယောရှု​စခန်း​ချ​ရာ မက္ကဒါ​အရပ်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​လာ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​ကို မည်သူ​မျှ ရန်​မ​စ​ဝံ့​ကြ​ချေ​။
22ယောရှု​က “​လိုဏ်ဂူ​ဝ​ကို​ဖွင့်​ပြီး ထို​လိုဏ်ဂူ​ထဲမှ​ရှင်ဘုရင်​ငါး​ပါး​ကို ငါ့​ထံသို့ ထုတ်ဆောင်​လာ​ခဲ့​ကြ​လော့​”​ဟု ဆို​သည့်​အတိုင်း 23ရှင်ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​ကို လိုဏ်ဂူ​ထဲမှ ခေါ်ထုတ်​လာ​ကြ​၏​။ 24ထို​ရှင်ဘုရင်​တို့​ကို ယောရှု​ထံ​ခေါ်ဆောင်​လာ​သောအခါ ယောရှု​က အစ္စရေး​တစ်မျိုးသားလုံး​ကို ဆင့်ခေါ်​ပြီးလျှင် သူ​နှင့်အတူ​စစ်ချီ​ခဲ့​သော​စစ်သူရဲ​အကြီးအမှူး​တို့​အား “​လာ​ကြ​၊ ဤ​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​”​ဟု ဆို​၏​။ သူ​တို့​လည်း လာ​၍​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​၏​။ 25ထို့နောက် ယောရှု​က သူ​တို့​အား “​မ​ကြောက်​ကြ​နှင့်​။ စိတ်​မ​ပျက်​ကြ​နှင့်​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ သင်​တို့​နှင့်​တိုက်ခိုက်​သော​ရန်သူ​ဟူသမျှ​ကို ထာဝရဘုရား​က ဤသို့​ဖြစ်စေ​တော်မူ​မည်​”​ဟု ဆို​လေ​၏​။
26ထို့နောက် ယောရှု​သည် ထို​ရှင်ဘုရင်​တို့​ကို ရိုက်နှက်​ပြီး အသေသတ်​ကာ သစ်ပင်​ငါး​ပင်​ပေါ်၌​ချိတ်ဆွဲ​ထား​လေ​၏​။ သူ​တို့​သည် နေဝင်ချိန်​တိုင်အောင် သစ်ပင်​၌​ချိတ်ဆွဲ​ထား​ခြင်း​ခံရ​၏​။ 27နေဝင်ချိန်​ရောက်​သောအခါ ယောရှု​အမိန့်ပေး​သဖြင့် ထို​ရှင်ဘုရင်​တို့​၏​အလောင်း​ကို သစ်ပင်​ပေါ်​မှ​ချ​ပြီး သူ​တို့​ပုန်းအောင်း​ခဲ့​သည့်​လိုဏ်ဂူ​ထဲသို့ ပစ်ထည့်​ကာ လိုဏ်ဂူ​ဝ​ကို ကျောက်တုံး​ကြီး​များ​ဖြင့် ပိတ်​ထား​လေ​၏​။ ထို​ကျောက်တုံး​ကြီး​များ​သည် ယနေ့​တိုင် ရှိ​သေး​၏​။
တောင်ပိုင်းမြို့များကို သိမ်းပိုက်ခြင်း
28ထို​နေ့​မှာပင် ယောရှု​သည် မက္ကဒါ​မြို့​ကို သိမ်းပိုက်​ပြီး မြို့သူမြို့သား​နှင့် ရှင်ဘုရင်​ကို ဓား​ဖြင့်​လုပ်ကြံ​၏​။ သူ​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ မက္ကဒါ​ဘုရင်​ကို ပြု​လေ​၏​။
29ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မက္ကဒါ​မြို့​မှ လိဗန​မြို့​သို့ ချီတက်​ပြီး လိဗန​မြို့​ကို တိုက်ခိုက်​ကြ​၏​။ 30ထာဝရဘုရား​သည် ထို​မြို့​နှင့်​ဘုရင်​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် သူ​တို့​သည် မြို့သူမြို့သား​အပေါင်း​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ ထို​မြို့​၏​ဘုရင်​ကို ပြု​လေ​၏​။
31ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လိဗန​မြို့​မှ လာခိရှ​မြို့​သို့ ချီတက်​ပြီး ထို​မြို့​အနီး​၌ စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။ 32ထာဝရဘုရား​သည် လာခိရှ​မြို့​ကို​လည်း အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် ဒုတိယ​နေ့​တွင် ထို​မြို့​ကို​သိမ်း​၍ လိဗန​မြို့​ကို ပြု​ခဲ့​သည့်​အတိုင်း ထို​မြို့သူမြို့သား​အားလုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။ 33ထိုအခါ ဂေဇာ​ဘုရင်​ဟောရံ​မင်းကြီး​သည် လာခိရှ​ဘုရင်​ကို စစ်ကူပေး​ရန် ချီလာ​၏​။ ယောရှု​သည် ထို​ဘုရင်​နှင့်​သူ​၏​စစ်သည်​တို့​ကို အသက်ရှင်​ကျန်ရစ်​သူ​မ​ရှိ​အောင် ချေမှုန်း​လေ​၏​။
34ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လာခိရှ​မြို့​မှ ဧဂလုန်​မြို့​သို့ ချီတက်​၍ ထို​မြို့​အနီး​၌​စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။ 35သူ​တို့​သည် ထို​မြို့​ကို နေ့ချင်း​သိမ်းပိုက်​၏​။ လာခိရှ​မြို့​ကို ပြု​ခဲ့​သည့်​အတိုင်း ထို​နေ့ချင်း​တွင် မြို့သူမြို့သား​အပေါင်း​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​၍ တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။
36ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဧဂလုန်​မြို့​မှ ဟေဗြုန်​မြို့​သို့ ချီတက်​ကာ ထို​မြို့​ကို​တိုက်ခိုက်​၏​။ 37ထို​မြို့​ကို သိမ်းပိုက်​၍ ထို​မြို့​၏​ဘုရင်​နှင့်တကွ မြို့ရွာ​အားလုံး​ရှိ လူ​အားလုံး​ကို ဓား​ဖြင့် လုပ်ကြံ​၏​။ ဧဂလုန်​မြို့​ကို တစ်ယောက်​မျှ​မ​ကျန်​အောင် ဖျက်ဆီး​ခဲ့​သည့်​အတိုင်း ထို​မြို့​နှင့် ထို​မြို့​၌​ရှိ​သော​လူ​အားလုံး​ကို ဖျက်ဆီး​လေ​၏​။
38ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​တို့​သည် ဒေဗိရ​မြို့​သို့​လှည့်​၍ ထို​မြို့​ကို တိုက်ခိုက်​ကြ​၏​။ 39ထို​မြို့​နှင့် မြို့​၏​ဘုရင်​အပါအဝင် မြို့ရွာ​အားလုံး​ကို​သိမ်းပိုက်​၏​။ မြို့သူမြို့သား​အားလုံး​ကို ဓား​ဖြင့် တစ်ယောက်မကျန် လုပ်ကြံ​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ဟေဗြုန်​မြို့​နှင့်​ဘုရင်​၊ လိဗန​မြို့​နှင့်​ဘုရင် တို့​ကို​ပြု​သကဲ့သို့ ဒေဗိရ​မြို့​နှင့်​ဘုရင်​ကို ပြု​လေ​၏​။
40ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ 41ဤသို့ဖြင့် ယောရှု​သည် ကာဒေရှဗာနာ​အရပ်​မှ ဂါဇ​အရပ်​တိုင်အောင်​၊ ဂိဗောင်​မြို့​မှ ဂေါရှင်​ပြည်​တစ်လျှောက်လုံး​ကို တိုက်ခိုက်သိမ်းပိုက်​၏​။ 42အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အတွက် စစ်တိုက်​တော်မူ​သောကြောင့် ယောရှု​သည် ရှင်ဘုရင်​တို့​နှင့်တကွ သူ​တို့​၏​တိုင်းပြည်​များ​ကို တစ်ချီတည်း​သိမ်းပိုက်​အောင်မြင်​ခဲ့​လေ​၏​။ 43ထို့နောက်တွင် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် တပ်စခန်း​ချ​ရာ​ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ