ယောဘဝတ္ထု 35
35
1ဧလိဟုက ဆက်၍ 2“သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။ 3‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။ 4သင်နှင့် သင့်မိတ်ဆွေတို့၏စကားများကို အကျွန်ုပ်ချေပလိုပါ၏။ 5မိုးကောင်းကင်ကို မော့ကြည့်၍ သိမြင်ပါလော့။ သင့်ထက်မြင့်သောမိုးတိမ်ကို စူးစမ်းကြည့်ပါလော့။ 6သင်အပြစ်ပြုလျှင်လည်း ကိုယ်တော့်ကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သင်အပြစ်များစွာကျူးလွန်လျှင်လည်း ကိုယ်တော့်ကို မည်သို့ဖြစ်စေနိုင်မည်နည်း။ 7သင်ဖြောင့်မတ်လျှင်လည်း ကိုယ်တော့်ကို မည်သို့ပြုပေးနိုင်မည်နည်း။ သင့်လက်မှ ကိုယ်တော် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ 8သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။ 9လူတို့သည် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် အော်ဟစ်ငိုယိုတတ်ကြ၏။ အားကြီးသူတို့ နှိပ်စက်သောကြောင့် အကူအညီအော်ဟစ်တောင်းခံတတ်ကြ၏။ 10သို့သော် ‘ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၊ ညအချိန်သီချင်းဆိုရသောအခွင့်ကို ပေးတော်မူသောအရှင်၊ 11မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။ 12မာနထောင်လွှား၍ဆိုးညစ်ကြသောကြောင့် သူတို့အော်ဟစ်သော်လည်း ကိုယ်တော်နားညောင်းတော်မူမည်မဟုတ်။ 13အကယ်စင်စစ် အချည်းနှီးသောစကားကို ဘုရားသခင် နားထောင်တော်မူမည်မဟုတ်။ အနန္တတန်ခိုးရှင် အာရုံစိုက်တော်မူမည်မဟုတ်။ 14‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။ 15ကိုယ်တော်က အမျက်ထွက်၍ ဒဏ်ခတ်တော်မူသည်မဟုတ်။ လွန်ခဲ့သောအပြစ်များကိုလည်း မှတ်တော်မူသည်မဟုတ်သောကြောင့် 16ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 35: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative