YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 9:1-12

ရှင်ယောဟန်ခရစ်ဝင် 9:1-12 MSBU

ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။ ယေရှု​က“ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။ ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။ ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက် “ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။ ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ လူ​အချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်တိုင်​က “အကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။ လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက်‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။ သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။

​ရှင်ယောဟန်ခရစ်ဝင် 9:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။