YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 8

8
1ယေရှု​မူကား သံလွင်​တောင်​သို့ ကြွ​တော်မူ​၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောမိန်းမ
2အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​ရာ လူ​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ထိုင်​၍​သူ​တို့​အား သွန်သင်​တော်မူ​၏။ 3ထိုအခါ ကျမ်းပြု​ဆရာ​တို့​နှင့်​ဖာရိရှဲ​တို့​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​သည့်​အတွက် အဖမ်း​ခံရ​သော​မိန်းမ​တစ်​ယောက်​ကို​ခေါ်ဆောင်​လာ​၍ အလယ်​၌​ထား​ပြီးလျှင် 4“ဆရာ၊ ဤ​မိန်းမ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​နေ​စဉ်​၌​ပင် အဖမ်း​ခံရ​ပါ​သည်။ 5မောရှေ​သည် ဤသို့​သော​မိန်းမ​မျိုး​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ပညတ်​တရား​၌ အကျွန်ုပ်​တို့​အား ပညတ်​ထား​ပါ​သည်။ ဆရာ​ကား မည်သို့​ဆို​မည်နည်း”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။ 6သူ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​ခွင့်​ရရှိ​ရန် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ဤသို့​လျှောက်ထား​ကြ​ခြင်း​ဖြစ်​၏။ သို့ရာတွင် ယေရှု​သည်​ငုံ့​၍ လက်ညှိုး​တော်​ဖြင့် မြေ​ပေါ်၌​ရေး​လျက်​နေ​တော်မူ​၏။ 7ထို​သူ​တို့​အထပ်ထပ်​မေးမြန်း​ကြ​သောအခါ ယေရှု​သည် ကိုယ်​ကို​မတ်​၍“သင်​တို့​တွင် အပြစ်​ကင်း​သော​သူ​သည် သူ့​ကို ခဲ​နှင့်​အဦးဆုံး​ပေါက်​စေ”​ဟု မိန့်​တော်မူ​ပြီးလျှင် 8တစ်ဖန်​ငုံ့​လျက် မြေ​ပေါ်တွင် ဆက်၍​ရေး​တော်မူ​၏။
9သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။ 10ထိုအခါ ယေရှု​သည် ကိုယ်​ကို​မတ်​တော်မူ​၍“အသင်​မိန်းမ၊ ထို​သူ​တို့​အဘယ်မှာ​ရှိ​ကြ​သနည်း။ သင့်​ကို​ပြစ်ဒဏ်​စီရင်​သူ တစ်ယောက်မျှ​မ​ရှိ​သလော”​ဟု မေး​တော်မူ​လျှင် 11ထို​မိန်းမ​က “တစ်ယောက်မျှ​မ​ရှိ​ပါ သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည်​လည်း သင့်​ကို​ပြစ်ဒဏ်​မ​စီရင်။ သွား​လော့။ ယခု​မှစ၍ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်မူ​၏။]
လောက၏အလင်း
12တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။
13ထိုအခါ ဖာရိရှဲ​တို့​က “သင်​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​နေ​၏။ သင်​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။ 14ယေရှု​က​လည်း“ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော်လည်း ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​၏။ အကြောင်းမူကား ငါ​သည် မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူကား ငါ​မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။ 15သင်​တို့​သည် လူ့​စံနှုန်း​အတိုင်း စီရင်​တတ်​ကြ​၏။ ငါ​မူကား မည်သူ့​ကို​မျှ​မ​စီရင်။ 16သို့သော် ငါ​စီရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်ဦးတည်း​စီရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည် ငါ​နှင့်အတူ​စီရင်​တော်မူ​သည်​ဖြစ်၍ ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် မှန်ကန်​၏။ 17သင်​တို့​၏​ပညတ်​တရား​ကျမ်း​၌​လည်း ‘သက်သေ​နှစ်​ဦး​ထွက်ဆို​သည့်​သက်သေခံ​ချက်​သည် အမှန်​ဖြစ်​၏’#တရား 19:15။ဟု ရေး​ထား​၏။ 18ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 19ထို​သူ​တို့​က​လည်း “သင်​၏​ခမည်းတော်​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​ကြ​သော် ယေရှု​က“သင်​တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 20ကိုယ်တော်​သည် ဗိမာန်​တော်​၌​သွန်သင်​တော်မူ​စဉ် ဤ​စကား​တို့​ကို အလှူခံ​သေတ္တာ​အနီး​တွင် မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။
လောကမှထွက်ခွာရမည့်အကြောင်းကြိုတင်ဟောကြားတော်မူခြင်း
21တစ်ဖန် ကိုယ်တော်​က“ငါ​သည်​သွား​ရ​တော့မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အပြစ်​၌​သေ​ကြ​လိမ့်မည်။ ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။ 22ထိုအခါ ဂျူး​လူမျိုး​တို့​က “သူ​သည်‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု​ဆို​ခြင်း​မှာ သူ့ကိုယ်သူ သတ်​သေ​မည်​လော”​ဟု ပြောဆို​ကြ​၏။
23ယေရှု​က​လည်း“သင်​တို့​သည် အောက်​အရပ်​နှင့်ဆိုင်​၏။ ငါ​မူကား အထက်​အရပ်​နှင့်ဆိုင်​၏။ သင်​တို့​သည် ဤ​လောက​နှင့်ဆိုင်​၏။ ငါ​မူကား ဤ​လောက​နှင့်​မ​ဆိုင်။ 24ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 25ထို​သူ​တို့​က​လည်း “သင်​သည် မည်သူ​ဖြစ်​သနည်း”​ဟု မေး​ကြ​လျှင် ယေရှု​က“ငါ​မည်သူ​ဖြစ်​သည်​ကို အစအဦး​ကပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။ 26သင်​တို့​နှင့်​ပတ်သက်၍ ငါ​ပြော​စရာ၊ စီရင်​စရာ​များစွာ​ရှိ​၏။ သို့သော် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​တော်မူ​သည်​ဖြစ်​၍ ငါ​သည် သူ့​ထံမှ​ကြား​ခဲ့​သမျှ​သော​အရာ​တို့​ကို ဤ​လောက​၌ ဟောပြော​၏”​ဟု မိန့်​တော်မူ​၏။
27ကိုယ်တော်​သည် ခမည်းတော်​ကို​ရည်ညွှန်း​၍ မြွက်ဆို​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​သဘော​မ​ပေါက်​ကြ။ 28သို့ဖြစ်၍ ယေရှု​က“သင်​တို့​သည် လူ့သား​ကို​မြှောက်​ထား​ကြ​သောအခါ​မှ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခမည်းတော်​သွန်သင်​တော်မူ​ခဲ့​သည့်​အတိုင်း ဤ​အရာ​များ​ကို ငါ​ဟောပြော​ကြောင်း​ကို​လည်းကောင်း သိ​ကြ​လိမ့်မည်။ 29ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ငါ​နှင့်အတူ​ရှိ​၍ ငါ​သည် ထို​အရှင်​နှစ်သက်​တော်မူ​သော​အမှုအရာ​တို့​ကို အစဉ်​ပြု​နေ​သောကြောင့် သူ​သည် ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​တော်​မ​မူ”​ဟု မိန့်​တော်မူ​၏။ 30ဤ​စကား​တော်​တို့​ကို​မိန့်​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။
သမ္မာတရားအားဖြင့်လွတ်မြောက်ခြင်း
31ထို့ကြောင့် ယေရှု​သည် မိမိ​ကို​ယုံကြည်​သော ဂျူး​လူမျိုး​တို့​အား“သင်​တို့​သည် ငါ​၏​တရား​စကား​၌​တည်​လျှင် ငါ့​တပည့်​အမှန်​ဖြစ်​ကြ​ပြီး 32သမ္မာတရား​ကို​သိ​ကြ​သဖြင့် သမ္မာတရား​သည် သင်​တို့​ကို လွတ်မြောက်​စေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 33သူ​တို့​က​လည်း “အကျွန်ုပ်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြ​ပြီး မည်သူ့​ထံ၌​မျှ​ကျွန် မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အဘယ်ကြောင့်‘သင်​တို့​လွတ်မြောက်​ကြ​လိမ့်မည်’​ဟု ဆို​ရ​သနည်း”​ဟူ၍​ပြန်​ပြော​ကြ​၏။ 34ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ အပြစ်​ပြု​သူ​တိုင်း​သည် အပြစ်​၏​ကျွန်​ဖြစ်​၏။ 35ကျွန်​သည် အိမ်​၌​ထာဝစဉ်​နေထိုင်​သည်​မ​ဟုတ်။ သား​မူကား ထာဝစဉ်​နေထိုင်​၏။ 36ထို့ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်မြောက်​စေ​လျှင် သင်​တို့​သည် ဧကန်​အမှန်​လွတ်မြောက်​ကြ​လိမ့်မည်။ 37သင်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​၏​တရား​စကား​သည် သင်​တို့​ထဲ၌​နေရာ​မ​ရ​သောကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​၏။ 38ငါ​သည် ခမည်းတော်​ထံ၌​မြင်​ရ​သော​အရာ​များ​ကို ဟောပြော​၏။ သင်​တို့​မူကား သင်​တို့​၏​အဖ​ထံမှ​ကြား​ခဲ့​ရ​သော​အရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် 39ထို​သူ​တို့​က “အကျွန်ုပ်​တို့​၏​အဖ​သည် အာဗြဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာဗြဟံ​ပြု​သော​အမှု​များ​ကို ပြု​ကြ​လိမ့်မည်။ 40သို့သော် ယခု​တွင် ဘုရားသခင်​ထံမှ​ကြား​ရ​သည့်​သမ္မာတရား​ကို သင်​တို့​အား​ဟောပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာကြံ​နေ​ကြ​၏။ အာဗြဟံ​ကား ဤသို့​ပြု​ခဲ့​သည်​မ​ဟုတ်။ 41သင်​တို့​သည် သင်​တို့​အဖ​ပြု​သော​အမှု​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အကျွန်ုပ်​တို့​၌ တစ်ပါးတည်း​သော​အဖ​ဘုရားသခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။
42ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။ 43သင်​တို့​သည် ငါ​ပြောဆို​သော​စကား​ကို အဘယ်ကြောင့်​နား​မ​လည်​ကြ​သနည်း။ ငါ​၏​တရား​စကား​ကို သင်​တို့​နာယူ​နိုင်စွမ်း​မ​ရှိ​သောကြောင့်​ဖြစ်​၏။ 44သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။ 45ငါ​မူကား သမ္မာတရား​ကို​ပြောဆို​သောကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ။ 46သင်​တို့​တွင် မည်သူ​သည် ငါ​၌​အပြစ်​ရှိ​ကြောင်း ဖော်ပြ​နိုင်​သနည်း။ သမ္မာတရား​ကို ငါ​ပြောဆို​သည်​မှန်​လျှင် အဘယ်ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သနည်း။ 47ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို​နားထောင်​၏။ သင်​တို့​နားမထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​ကြ​သောကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
ယေရှုနှင့်အာဗြဟံ
48ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် ရှမာရိ​နယ်သား​ဖြစ်​ပြီး သင့်​ကို​နတ်ဆိုး​ပူး​နေ​သည်​ဟူ၍ ငါ​တို့​ပြော​ကြ​သည်​မှာ လျောက်ပတ်​သည်​မ​ဟုတ်​လော”​ဟု ပြန်ပြော​ကြ​၏။ 49ယေရှု​က“ငါ့​ကို​နတ်ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခမည်းတော်​ကို​ရိုသေ​၏။ သင်​တို့​မူကား ငါ့​ကို​မထီလေးစား​ပြု​ကြ​၏။ 50သို့ရာတွင် ငါ​သည် ကိုယ့်​ဘုန်း​အသရေ​ကို​ရှာ​သည်​မ​ဟုတ်။ ငါ​၏​ဘုန်း​အသရေ​ကို​ရှာ​၍ တရား​စီရင်​တော်မူ​သော​အရှင်​တစ်​ပါး​ရှိ​၏။ 51သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ မည်သူမဆို ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ သေ​ခြင်း​နှင့်​တွေ့ကြုံ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
52ထိုအခါ ဂျူး​လူမျိုး​တို့​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပြီ။ အာဗြဟံ​သည် သေလွန်​ခဲ့​ပြီး ပရောဖက်​တို့​လည်း သေလွန်​ကြ​ပြီ။ သင်​မူကား‘မည်သူမဆို ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ သေ​ခြင်း​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု ဆို​ပါ​သည်​တကား။ 53သင်​သည် အကျွန်ုပ်​တို့​၏​အဖ​အာဗြဟံ​ထက် ကြီးမြတ်​သလော။ သူ​သည် သေလွန်​ခဲ့​ပြီး ပရောဖက်​တို့​လည်း သေလွန်​ကြ​ပြီ။ သင့်ကိုယ်သင် မည်သူ​ဖြစ်​သည်​ဟု ထင်မှတ်​သနည်း”​ဟု ဆို​ကြ​၏။ 54ယေရှု​က​လည်း“ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အချည်းနှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​သော​အရှင်​ကား ငါ့​ခမည်းတော်​ဖြစ်​၏။ သင်​တို့​သည် ထို​အရှင်​ကို ‘အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်လည်း 55သူ့​ကို​မ​သိ​ကြ။ ငါ​မူကား သိ​၏။ ထို​အရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့သို့​လိမ်လည်​သော​သူ​ဖြစ်​လိမ့်မည်။ သို့ရာတွင် ငါ​သည် ထို​အရှင်​ကို​သိ​၍ သူ​၏​စကား​ကို​လိုက်နာ​စောင့်ထိန်း​၏။ 56သင်​တို့​အဖ​အာဗြဟံ​သည် ငါ​၏​နေ့ရက်​ကို​တွေ့မြင်​ရ​မည်​ဖြစ်၍ ရွှင်မြူး​လျက် တွေ့မြင်​ရ​သောအခါ ဝမ်းမြောက်​လေ​၏”​ဟု မိန့်​တော်မူ​၏။ 57ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် အသက်​ငါးဆယ်​ပင်​မ​ရှိ​သေး​ဘဲ အာဗြဟံ​ကို​မြင်​ဖူး​သလော”​ဟု ဆို​ကြ​၏။ 58ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ အာဗြဟံ​မ​မွေးဖွား​မီ​က​ပင် ငါ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ 59ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ပေါက်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍​ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်ယောဟန်ခရစ်ဝင် 8 အကြောင်း ဗီဒီယိုများ