YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 5:31-47

ရှင်ယောဟန်ခရစ်ဝင် 5:31-47 MSBU

ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​လျှင် ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ။ ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။ သင်​တို့​သည် ယောဟန်​ထံသို့ လူ​ကို​စေလွှတ်​ကြ​ရာ သူ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ခဲ့​၏။ ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။ ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။ ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။ သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။ သို့သော် သင်​တို့​သည် အသက်​ကို​ရရှိ​ရန် ငါ့​ထံသို့​မ​လာ​လို​ကြ။ ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အသရေ​ကို​မ​ခံ​မ​ယူ။ မည်သို့ပင်ဖြစ်စေ သင်​တို့​၌ ဘုရားသခင်​ကို​ချစ်​သော​စိတ်​မ​ရှိ​ကြောင်း​ကို ငါ​သိ​၏။ ငါ​သည် ငါ့​ခမည်းတော်​၏​နာမ​အားဖြင့် ရောက်လာ​သော်လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အခြား​သော​သူ​သည် မိမိ​ကိုယ်ပိုင်​နာမ​အားဖြင့် ရောက်လာ​လျှင် ထို​သူ​ကို သင်​တို့​လက်ခံ​ကြ​လိမ့်မည်။ အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​ခံယူ​ကြ​ပြီး တစ်ဆူတည်း​သော​ဘုရားသခင်​ပေး​သော ဘုန်း​အသရေ​ကို​မ​လိုလား​သော သင်​တို့​သည် မည်သို့​ယုံကြည်​နိုင်​ကြ​မည်နည်း။ ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။ မောရှေ​သည် ငါ့​အကြောင်း​ကို​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​သည် မောရှေ​ကို​ယုံကြည်​ခဲ့​လျှင် ငါ့​ကို​လည်း ယုံကြည်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် မောရှေ​၏​ကျမ်း​များ​ကို သင်​တို့​မ​ယုံကြည်​ကြ​လျှင် ငါ​၏​စကား​တို့​ကို မည်သို့​ယုံကြည်​ကြ​မည်နည်း”​ဟု မိန့်​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 5:31-47 အကြောင်း ဗီဒီယိုများ