YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 21

21
တိဗေရိပင်လယ်နားတွင်ကိုယ်ထင်ရှားပြတော်မူခြင်း
1ထို့နောက် ယေရှု​သည် တိဗေရိ​ပင်လယ်​နား​တွင် တပည့်​တော်​တို့​အား နောက်တစ်ဖန် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထင်ရှား​ပြ​တော်မူ​ပုံ​ကား ဤသို့​ဖြစ်​၏။ 2ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ် 3ရှိမုန်​ပေတရု​က “အကျွန်ုပ်​ငါး​သွား​ဖမ်း​မည်”​ဟု ဆို​၏။ ထို​သူ​တို့​က “အကျွန်ုပ်​တို့​လည်း သင်​နှင့်အတူ​လိုက်​မည်”​ဟု ဆို​လျက် ထွက်သွား​၍ လှေ​ပေါ်သို့​တက်​ကြ​၏။ သို့သော် ထို​ည​တွင် မည်သည့်​အရာ​ကို​မျှ​မ​ရ​ကြ​ချေ။
4မိုးလင်း​ချိန်​ရောက်​သောအခါ ယေရှု​သည် ကမ်းစပ်​တွင်​ရပ်​နေ​တော်မူ​၏။ သို့ရာတွင် တပည့်​တော်​တို့​သည် ယေရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။
5ထိုအခါ ယေရှု​က“ချစ်​သား​တို့၊ သားငါး​တစ်စုံတစ်ရာ​ရှိ​သလော”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။ 6ကိုယ်တော်​က​လည်း“လှေ​၏​ယာ​ဘက်​တွင် ပိုက်ကွန်​ကို​ပစ်ချ​ကြ​လော့။ ထိုသို့ပြုလျှင် ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည် ပိုက်ကွန်​ကို​ပစ်ချ​ကြ​ရာ ငါး​များစွာ​မိ​သဖြင့် ပိုက်ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။ 7ထိုအခါ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​က ပေတရု​အား “သခင်​ဘုရား​ပေ​တည်း”​ဟု ဆို​လေ​၏။ ရှိမုန်​ပေတရု​သည် သခင်​ဘုရား​ဖြစ်​ကြောင်း ကြား​သောအခါ အဝတ်ချွတ်​ထား​သည်​ဖြစ်၍ အပေါ်​အဝတ်​ကို ခါး​၌​စည်း​ပြီးလျှင် ပင်လယ်​ထဲသို့​ခုန်ဆင်း​လေ​၏။ 8အခြား​တပည့်​တော်​တို့​မူကား ကမ်း​နှင့်​မ​ဝေး​လှ​ဘဲ ကိုက်​တစ်ရာ​ခန့်​သာ​ကွာ​သည့်​နေရာ​၌​ရှိ​ကြ​သောကြောင့် ငါး​နှင့်​ပြည့်​နေ​သော​ပိုက်ကွန်​ကို​ဆွဲ​လျက် လှေ​ငယ်​ဖြင့်​လာ​ကြ​၏။
9ဤသို့ဖြင့် သူ​တို့​သည် ကုန်း​ပေါ်သို့​ရောက်​ကြ​သောအခါ မီးခဲ​ပုံ​နှင့် ထို​မီးခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်းကောင်း၊ မုန့်​ကို​လည်းကောင်း တွေ့​ကြ​၏။ 10ယေရှု​က“ယခု​ဖမ်းမိ​သော​ငါး​အချို့​ကို ယူ​ခဲ့​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​သဖြင့် 11ရှိမုန်​ပေတရု​သည် လှေ​ပေါ်သို့​တက်​၍ ပိုက်ကွန်​ကို ကုန်း​ပေါ်သို့​ဆွဲ​တင်​ရာ ငါး​ကြီး​တစ်ရာ​ငါးဆယ့်​သုံး​ကောင်​နှင့်​ပြည့်​လျက်​ရှိ​၏။ ထိုမျှလောက်​များ​သော်လည်း ပိုက်ကွန်​သည်​မ​စုတ်ပြဲ​ခဲ့​ပေ။ 12ယေရှု​က“လာ​၍​နံနက်စာ​ကို​စား​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ဖြစ်​ကြောင်း သိ​ကြ​သောကြောင့် မည်သူ​က​မျှ “အရှင်​သည်​မည်သူ​နည်း”​ဟု မ​မေး​ဝံ့​ကြ။ 13ယေရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီးလျှင် သူ​တို့​အား​ပေး​တော်မူ​၏။ ငါး​ကို​လည်း ထိုနည်းတူ​ပေး​တော်မူ​၏။ 14ဤသည်ကား ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် တပည့်​တော်​တို့​အား တတိယ​အကြိမ် ကိုယ်​ထင်ရှား​ပြ​တော်မူ​ခြင်း​ဖြစ်​၏။
ပေတရုကိုသုံးကြိမ်မေးမြန်းတော်မူခြင်း
15ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။ 16တစ်ဖန်“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်​သလော”​ဟု ဒုတိယ​အကြိမ်​မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုး​တို့​ကို အုပ်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။ 17တတိယ​အကြိမ်​၌ ကိုယ်တော်​က“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌“သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။ 18သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်”​ဟု မိန့်​တော်မူ​၏။ 19ဤ​သို့​မိန့်​တော်မူ​ခြင်းမှာ ပေတရု​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ဤ​အရာ​ကို​မိန့်​တော်မူ​ပြီးနောက်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု ပေတရု​အား မိန့်​တော်မူ​၏။
20ပေတရု​သည် လှည့်ကြည့်​လိုက်​ရာ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တပည့်​တော်​သည် ယခင်​ညစာ​စား​စဉ်​က ယေရှု​၏​ရင်ခွင်​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။ 21ထို​တပည့်​တော်​ကို​မြင်​သောအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​သူ​ကား မည်သို့​ဖြစ်​မည်နည်း”​ဟု ယေရှု​အား မေးလျှောက်​၏။ 22ယေရှု​က​လည်း“ငါ​ကြွလာ​သည့်​တိုင်အောင် သူ့​ကို​အသက်ရှင်​စေရန် ငါ​အလိုရှိ​လျှင်​လည်း သင်​နှင့်​မည်သို့​ဆိုင်​သနည်း။ သင်​သည် ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။
23သို့ဖြစ်၍ “ထို​တပည့်​တော်​သည် သေ​ရ​မည်​မ​ဟုတ်”​ဟူသော​စကား​သည် ညီအစ်ကို​တို့​ကြား​တွင် ပျံ့နှံ့​သွား​၏။ သို့သော် ယေရှု​က “ထို​သူ​သည် သေ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည်​မ​ဟုတ်​ဘဲ“ငါ​ကြွလာ​သည့်​တိုင်အောင် သူ့​ကို​အသက်ရှင်​စေရန် ငါ​အလိုရှိ​လျှင်​လည်း သင်​နှင့်​မည်သို့​ဆိုင်​သနည်း”​ဟူ၍​သာ မိန့်​တော်မူ​၏။
နိဂုံး
24ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​၍ ရေး​ထား​သော​သူ​မှာ ထို​တပည့်​တော်​ပင်​ဖြစ်​၏။ သူ​၏​သက်သေခံ​ချက်​မှန်ကန်​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။
25ယေရှု​ပြု​တော်မူ​သော အခြား​အမှုအရာ​များစွာ​ရှိ​သေး​၏။ ထို​အမှုအရာ​များ​ကို တစ်​ခု​ချင်း​ရေး​ထား​ပါက ဤ​ကမ္ဘာ​ကြီး​၌​ပင် ထို​ရေး​ထား​သော​ကျမ်းဂန်​များ​ဆန့်​မည်​မ​ဟုတ်​ဟု ငါ​ထင်မှတ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။