YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 1

1
နိဒါန်း
1အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍ 2ရွေးကောက်​တော်မူ​သော​တမန်​တော်​များ​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် မိန့်မှာ​တော်မူ​ပြီးနောက် အထက်​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​သော​နေ့​တိုင်အောင် ဖြစ်ပျက်​သမျှ​တို့​ကို ပထမ​စာစောင်​၌ ငါ​ရေးသား​ဖော်ပြ​ခဲ့​၏​။ 3ကိုယ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​ပြီးနောက် မိမိ​အသက်ရှင်​လျက်​ရှိ​ကြောင်း ထို​တမန်တော်​တို့​အား အထောက်အထား​များစွာ​တို့​ဖြင့်​ပြသ​ကာ ရက်​ပေါင်း​လေးဆယ်​အတွင်း သူ​တို့​ထံ​ထင်ရှား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။
သန့်ရှင်းသောဝိညာဉ်တော်ပို့ပေးမည်ဟူသောကတိတော်
4ထို့နောက် အတူတကွ​စုရုံး​နေ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​အား“ဂျေရုဆလင်​မြို့​မှ ထွက်ခွာ​မ​သွား​ဘဲ ငါ့​ထံမှ သင်​တို့​ကြား​ရ​သော ခမည်းတော်​၏​ကတိ​တော်​ကို စောင့်​နေ​ကြ​လော့။ 5အကြောင်းမှာ ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား မကြာမီ​အတွင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်”​ဟု မိန့်မှာ​တော်မူ​၏။
6တစ်ဖန် သူ​တို့​စုဝေး​လာ​ကြ​သောအခါ သူ​တို့​က ကိုယ်တော်​အား “သခင်​ဘုရား၊ ကိုယ်တော်​သည် ယခု​အချိန်​တွင် အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို ပြန်လည်​ထူထောင်​ပေး​တော်မူ​မည်​လော”​ဟု မေးလျှောက်​ကြ​၏။ 7ကိုယ်တော်​က​လည်း“ခမည်းတော်​သည် မိမိ​အခွင့်​အာဏာ​ဖြင့် စီရင်​ထား​တော်မူ​သော​ကာလ​များ​၊ သို့မဟုတ် အချိန်အခါ​များ​ကို သင်​တို့​သိ​ရန်​မ​လိုအပ်​ပေ။ 8သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ကောင်းကင်သို့ချီဆောင်ခြင်းကိုခံတော်မူခြင်း
9ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​ကြည့်ရှု​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် အထက်သို့​ချီဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ မိုးတိမ်​သည် ကိုယ်တော်​ကို သူ​တို့​မြင်ကွင်း​မှ​ဆောင်ယူ​သွား​လေ​၏။
10ထိုသို့ ကိုယ်တော်​တက်သွား​တော်မူ​စဉ် သူ​တို့​သည် ကောင်းကင်​သို့ စေ့စေ့​ကြည့်​နေ​ကြ​ရာ ဖြူဖွေး​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အနီး​၌​ရပ်​၍ 11“ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။
စုပေါင်းဆုတောင်းခြင်း
12ထို့နောက် သူ​တို့​သည် သံလွင်​အမည်​ရှိ​သော​တောင်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏။ ထို​တောင်​သည် ဂျေရုဆလင်​မြို့​နှင့် မိုင်ဝက်​ခန့်​အကွာအဝေး​၌​ရှိ​၏။ 13သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။ 14သူ​တို့​အားလုံး​သည် အမျိုးသမီး​များ​နှင့် ယေရှု​၏​မယ်တော်​မာရိ​မှစ၍ ကိုယ်တော်​၏​ညီ​တော်​များ​နှင့်အတူ တစ်စိတ်​တစ်သဘောတည်း​ဖြင့် ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​နေ​ကြ​၏။
ရွေးကောက်ခြင်းခံရသောမဿိ
15ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍ 16“ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။ 17အကြောင်းမူကား ယုဒ​သည် ငါ​တို့​ထဲ၌​ထည့်သွင်း​ရေတွက်​ခြင်း​ခံရ​ပြီး ဤ​အမှု​တော်​လုပ်ငန်း​တွင် ပါဝင်​ခွင့်​ကို​ရရှိ​ခဲ့​၏။
18သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။ 19ထို​အကြောင်း​ကို ဂျေရုဆလင်​မြို့​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိမိ​တို့​ဘာသာစကား​ဖြင့် အကေလဒမ​ဟု​ခေါ်ဆို​ကြ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ၍​ဖြစ်​၏။ 20အမှန်စင်စစ် ဆာလံ​ကျမ်း​၌ ‘သူ​၏​နေရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ။ ထို​အရပ်​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်။#ဆာ 69:25၊ 109:8။ သူ​၏​အရိုက်အရာ​ကို​လည်း အခြား​သူ​ယူ​ပါစေ’​ဟု ရေး​ထား​၏။
21ထို့ကြောင့် သခင်​ယေရှု​သည် ငါ​တို့​ထံ၌ ဝင်​ထွက်​သွား​လာ​သည့်​အချိန်​တစ်လျှောက်လုံး၊ 22တစ်နည်းအားဖြင့် ယောဟန်​ဗတ္တိဇံ​ပေး​သည့်​အချိန်​မှ​စ​၍ ငါ​တို့​ထံမှ အထက်သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သည့်​နေ့ရက်​တိုင်အောင် ငါ​တို့​နှင့်​လိုက်​ပါ​သူ​များ​ထဲမှ တစ်​ဦး​သည် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ငါ​တို့​နှင့်အတူ သက်သေခံ​သူ​ဖြစ်​ရ​မည်”​ဟု ဆို​လေ​၏။
23ထိုအခါ သူ​တို့​သည် ယုစတု​အမည်​ရှိ​သော​ဗာရှဗ​ခေါ်​ယောသပ်​နှင့်​မဿိ​တို့​နှစ်​ဦး​ကို အဆိုပြု​လျက် 24“လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊ 25ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။ 26ထို့နောက် ထို​သူ​နှစ်​ဦး​အတွက်​မဲ​ချ​ကြ​ရာ မဿိ​အပေါ်​မဲ​ကျ​သဖြင့် သူ​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ တမန်တော်​စာရင်း​ဝင်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။