YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 7

7
ဗိမာန်တော်မှ ယုံကြည်ခြင်းအလွဲများ
1ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍ 2“​သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​တံခါးဝ​၌ ရပ်​လျက် ‘​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ရန် ဤ​တံခါး​ကို​ဖြတ်​၍ ဝင်လာ​သော ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ကြ​လော့’​ဟူသော ဤ​သတင်းစကား​ကို ကြေညာ​လော့​”​ဟု မိန့်ဆို​၏​။ 3အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ​လော့​။ သို့ပြုလျှင် ငါ​သည် သင်​တို့​ကို ဤ​အရပ်​၌ နေထိုင်​စေ​မည်​။ 4‘​ဤသည်ကား ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​ဖြစ်​သည်​’​ဟု ဆို​တတ်​သော​သူ​တို့​၏​မုသား​စကား​ကို သင်​တို့​မ​ယုံ​ကြ​နှင့်​။ 5သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို အမှန်​ပြုပြင်​လျှင်​၊ သင်​တို့​သည် အိမ်နီးချင်း​အချင်းချင်း​ကြား တရားမျှတ​စွာ​စီရင်​လျှင်​၊ 6ဧည့်သည်​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို​မ​နှိပ်စက်​၊ အပြစ်မဲ့​သူ​၏​အသက်​ကို ဤ​အရပ်​၌ မ​သတ်​၊ ကိုယ့်​ကို​ဒုက္ခ​ပေး​မည့် အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​ဘဲ​နေ​လျှင် 7သင်​တို့​ဘိုးဘေး​တို့​အား ငါ​အပိုင်​ပေး​သော#7:7 တိုက်ရိုက်ပြန်ဆိုလျှင် “ငါအစဉ်အမြဲပေးသော”။ ဤ​ပြည်​၊ ဤ​အရပ်​၌ သင်​တို့​ကို နေထိုင်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။ 8“ကြည့်ရှု​လော့​။ သင်​တို့​သည် အကျိုး​မ​ရှိ​သော မုသား​စကား​ကို ယုံ​ကြ​၏​။ 9သင်​တို့​သည် ခိုး​လျက်​၊ လူသတ်​လျက်​၊ အိမ်ထောင်ရေးဖောက်ပြန်​လျက်​၊ မဟုတ်မမှန်​ကျိန်ဆို​လျက်​၊ ဗာလ​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​၊ သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့​လိုက်​လျက်​နှင့် 10ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​တွင် ငါ့​ရှေ့​၌ လာ​၍​ရပ်​ပြီးလျှင် ‘​ငါ​တို့​အပြစ်လွတ်​ပြီ​။ ဤ​စက်ဆုပ်ရွံရှာဖွယ်​အားလုံး​ကို ဆက်လက်​ပြု​နိုင်​ပြီ​’​ဟု သင်​တို့​ဆို​ကြ​မည်လော​။ 11ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​ကို ဓားပြ​ခိုအောင်းရာ​ဖြစ်​သည်​ဟု သင်​တို့​ထင်​ကြ​သလော​။ သင်​တို့​ပြု​သော​အမှု​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။#မ 21:13၊ မာ 11:17၊ လု 19:46။
ရှိလောကဲ့သို့ဖြစ်မည်ဟု သတိပေးခြင်း
12“​ငါ​၏​နာမ​တော် အဦးဆုံး​တည်​ရာ ရှိလော​အရပ်​ရှိ ငါ​ကိန်းဝပ်​ရာ​အရပ်​သို့ ယခု​သွား​ကြ​လော့​။ ငါ့​လူမျိုး​တော်​ဖြစ်​သည့် အစ္စရေး​လူမျိုး​၏​ဆိုးညစ်မှု​ကြောင့် ထို​အရပ်​ကို ငါ​မည်သို့​ပြု​ခဲ့​သည်​ကို ကြည့်​ကြ​လော့​။ 13သင်​တို့​သည် ထို​အမှု​အလုံးစုံ​တို့​ကို ပြု​ကြ​သောကြောင့် သင်​တို့​ကို ငါ​အကြိမ်ကြိမ်​သတိပေး​၏​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​ခေါ်​သော်လည်း သင်​တို့​မ​ထူး​ကြ​။ 14သို့ဖြစ်၍ သင်​တို့​ယုံကြည်ကိုးစား​ရာ​ဖြစ်​သည့် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​ကို​လည်းကောင်း​၊ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​ကို​လည်းကောင်း ရှိလော​အရပ်​၌ ပြု​ခဲ့​သည့်​နည်းတူ ငါ​ပြု​မည်​။ 15ငါ​သည် သင်​တို့​ညီအစ်ကို​ဖြစ်​သော ဧဖရိမ်​၏​သားစဉ်မြေးဆက်​ရှိသမျှ​ကို နှင်ထုတ်​သကဲ့သို့ သင်​တို့​ကို ငါ့​ရှေ့မှောက်​မှ​နှင်ထုတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
ယုဒအဖို့ ဆုမတောင်းနှင့်
16“သင်​သည်​လည်း ဤ​လူမျိုး​အတွက် အသနား​မ​ခံ​နှင့်​။ သူ​တို့​အတွက် ဟစ်ကြော်​ခြင်း​၊ ဆုတောင်း​ခြင်း​ကို​မ​ပြု​နှင့်​။ ကြားဝင်စေ့စပ်​ခြင်း​မ​ပြု​နှင့်​။ သင်​၏​စကား​ကို ငါ​နားထောင်​မည်​မ​ဟုတ်​။ 17သူ​တို့​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ မည်သို့​ပြု​ကြ​သည်​ကို သင်​မ​မြင်​သလော​။ 18ကောင်းကင်​မိဖုရား​ထံ မုန့်​ပူဇော်​ရန် သားသမီး​တို့​က ထင်း​ကောက်​ကြ​၏​။ ဖခင်​တို့​က မီး​မွှေး​ကြ​၏​။ မိခင်​တို့​က မုန့်​နယ်​ကြ​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ရှေ့​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့်​လည်း ငါ့​ကို​အမျက်ထွက်​စေ​ကြ​၏​။ 19ဤသို့​ပြု​ခြင်း​မှာ ငါ့​ကို အမျက်ထွက်​စေ​သည်​မ​ဟုတ်​ဘဲ သူ​တို့​ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲ​ကြ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
20ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ယဇ်ပူဇော်ရန်မဟုတ်ဘဲ နာခံရန်မိန့်မှာခြင်း
21အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​ပူဇော်​သော​ယဇ်​တို့​တွင် မီးရှို့ရာယဇ်​ကို ပေါင်းထည့်​လော့​။ အသား​ကို စား​ကြ​လော့​။ 22အကြောင်းမူကား သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​စဉ်က မီးရှို့ရာယဇ်​အကြောင်း​၊ ယဇ်ပူဇော်​ခြင်း​အကြောင်း​ကို သူ​တို့​အား ငါ​မ​ဆင့်ဆို​၊ မ​မိန့်မှာ​ခဲ့​။ 23သို့သော် သူ​တို့​အား ‘​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​ပညတ်​သော​နည်းလမ်း​ရှိသမျှ​တို့​ကို သင်​တို့​လိုက်လျှောက်​လျှင် သင်​တို့​ကောင်းစား​ကြ​ရ​မည်​’ ဟူသော​စကား​ကို​ကား ငါ​မိန့်မှာ​ခဲ့​၏​။ 24သို့သော် သူ​တို့ နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​၏​အကျင့်အကြံ​၊ သူ​တို့​၏​ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း လိုက်လျှောက်​ကြ​၏​။ ရှေ့​မ​တိုး​ဘဲ နောက်ဆုတ်​သွား​ကြ​၏​။ 25အီဂျစ်​ပြည်​မှ သင်​တို့​၏​ဘိုးဘေး​များ​ထွက်လာ​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် ငါ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ခဲ့​၏​။ 26သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ#7:26 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။
နာခံမှုမရှိသောယုဒအတွက် ညည်းတွားခြင်း
27ထို့ကြောင့် သင်​သည် ဤ​စကား​အလုံးစုံ​တို့​ကို သူ​တို့​အား ပြောပြ​ရ​မည်​။ သို့သော် သူ​တို့​နားထောင်​မည်​မ​ဟုတ်​။ သင်​ခေါ်​သော်လည်း သူ​တို့​ထူး​မည်​မ​ဟုတ်​။ 28သင်​က သူ​တို့​အား ‘​ဤ​လူမျိုး​သည် သူ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို နား​မ​ထောင်​ကြ​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​မ​ခံယူ​ကြ​။ သစ္စာ​ပျက်​သော​လူမျိုး​၊ ဟုတ်မှန်​ရာ​ကို​မပြော​သော​လူမျိုး​ဖြစ်​လေ​ပြီ​။ 29သင်​တို့​၏​ဆံပင်​ကို​ရိတ်​၍ လွှင့်ပစ်​လော့​။ တောင်ကတုံး​များ​ပေါ်၌ မြည်တမ်း​ခြင်း​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အမျက်​တော်​ခံထိုက်​သော​မျိုးဆက်​ကို ပယ်​တော်မူ​ပြီ​၊ စွန့်ပစ်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​ရ​မည်”​ဟု မိန့်​တော်မူ​၏​။
30ထာဝရဘုရား​က “အကယ်စင်စစ် ယုဒ​အမျိုးသား​တို့​သည် ငါ့​ရှေ့​၌ မကောင်းမှု​ကို​ပြု​ကြ​ပြီ​။ သူ​တို့​သည် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​၌ ရွံရှာဖွယ်​ရုပ်တု​များ​ကို​ထား​၍ ညစ်ညူး​စေ​ကြ​ပြီ​။ 31ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် သား​သမီး​များ​ကို မီးရှို့ပူဇော်​ရန် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ တောဖက်​ဟူသော​နေရာ​တွင် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​ကို တည်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။
32သို့ဖြစ်၍ ထာဝရဘုရား​က “​ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက်​ရောက်လာ​လိမ့်မည်​။ အကြောင်းမူကား တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် လူသေကောင်​များ များပြား​လိမ့်မည်​။ 33ဤ​လူမျိုး​အသေကောင်​တို့​ကို မိုးကောင်းကင်​ရှိ​ငှက်​များ​၊ မြေကြီး​ပေါ်ရှိ​တိရစ္ဆာန်​များ​သည် ခြောက်လှန့်​မည့်​သူ​မ​ရှိ​ဘဲ စား​ကြ​လိမ့်မည်​။ 34ငါ​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်မှ ရွှင်မြူး​ခြင်း​အသံ​၊ ဝမ်းမြောက်​ခြင်း​အသံ​၊ သတို့သား​အသံ​၊ သတို့သမီး​အသံ​တို့​ကို ရပ်စဲ​စေ​မည်​။ သို့ဖြစ်၍ ထို​ပြည်​သည်​လည်း ဆိတ်ညံ​ရာ​အရပ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ