YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 41

41
ဂေဒလိကို ဣရှမေလလုပ်ကြံသတ်ဖြတ်ခြင်း
1သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ် 2နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​ဆယ်​ယောက်​တို့​သည် ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ထ​၍​ဓား​ဖြင့်​ခုတ်​သတ်​လေ​၏​။ 3မိဇပါ​မြို့​၌ ဂေဒလိ​နှင့်အတူ​ရှိ​နေ​သော ဂျူး​လူမျိုး​အားလုံး​နှင့် သူ​တို့​တွေ့ရှိ​သော ခါလဒဲ​စစ်သူရဲ​တို့​ကို​ပါ သတ်​လေ​၏​။
4ဂေဒလိ​အသတ်​ခံရ​သည်​ကို မည်သူမျှ​မ​သိ​။ နှစ်​ရက်​မြောက်​သော​နေ့​၌ 5ရှေခင်​မြို့​၊ ရှိလော​မြို့​၊ ရှမာရိ​မြို့​တို့​မှ လူ​အယောက်​ရှစ်ဆယ်​တို့ ရောက်လာ​ကြ​၏​။ သူ​တို့​သည် မုတ်ဆိတ်​ရိတ်​ထား​ကြ​၏​။ သူ​တို့​၏​အဝတ်​လည်း စုတ်ပြဲ​နေ​၏​။ ကိုယ်​ကို​လည်း မွှမ်း​ထား​ကြ​၏​။ လက်​ထဲတွင်​လည်း ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ဘောဇဉ်ပူဇော်သက္ကာ​နှင့် လော်ဗန်​တို့​ကို ယူဆောင်​လာ​ကြ​၏​။ 6နေသနိ​၏​သား​ဣရှမေလ​သည်​လည်း ထို​သူ​တို့​ကို​ကြိုဆို​ရန် မိဇပါ​မြို့​မှ​ထွက်လာ​၏​။ သူ​သည် လမ်းတစ်လျှောက်လုံး​ငိုကြွေး​လျက် ထို​သူ​တို့​နှင့်​တွေ့​သောအခါ “​အဟိကံ​၏​သား​ဂေဒလိ​ထံသို့ ဝင်​ကြ​ပါ​ဦး​”​ဟု ဆို​လေ​၏​။ 7မြို့​ထဲ​သို့​ရောက်​သောအခါ နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​တို့​သည် ထို​သူ​တို့​ကို​သတ်​ပြီးလျှင် တွင်း​ထဲ​သို့​ပစ်ချ​ကြ​၏​။
8ထိုအခါ ထို​သူ​တို့​ထဲမှ​လူ​ဆယ်​ယောက်​တို့​က “​အကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်​။ အကျွန်ုပ်​တို့​မှာ တော​၌​ဝှက်​ထား​သော ဂျုံ​၊ မုယော​၊ ဆီ​၊ ပျားရည်​တို့ ရှိ​ပါ​သည်​”​ဟု ဣရှမေလ​အား​ဆို​သောကြောင့် သူ​တို့​ကို သူ​တို့​အဖော်​တို့​နှင့်အတူ မ​သတ်​ဘဲ ထားခဲ့​လေ​၏​။ 9ဣရှမေလ​သတ်​ခဲ့​သော ဂေဒလိ​နှင့်​လူ​တို့​၏​အလောင်း​များ​ကို ပစ်ချ​ခဲ့​ရာ​တွင်း​သည် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​ကို​ကြောက်​၍ အာသ​မင်းကြီး တူး​ထား​ခဲ့​သော​တွင်း​ဖြစ်​၏​။ ဤသို့ဖြင့် နေသနိ​၏​သား​ဣရှမေလ​သည် ထို​တွင်း​ကို လူသေအလောင်း​များ​ဖြင့် ပြည့်​စေ​၏​။
10ဣရှမေလ​သည် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​ကို ဖမ်းသွား​၏​။ ဖမ်းသွား​သော​သူ​တို့​တွင် အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အပ်ထား​ခဲ့​သော ဘုရင့်​သမီး​တော်​များ​နှင့် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​တို့​ပါ​ကြ​၏​။ နေသနိ​၏​သား​ဣရှမေလ​သည် သူ​တို့​ကို သုံ့ပန်း​အဖြစ် အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။
ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ယောဟနန်ကယ်တင်ခြင်း
11ကာရာ​၏​သား​ယောဟနန်​နှင့် သူ့​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​တို့​သည် နေသနိ​၏​သား​ဣရှမေလ​ပြု​ခဲ့​သော မကောင်းမှု​အလုံးစုံ​ကို ကြား​သောအခါ 12နေသနိ​၏​သား​ဣရှမေလ​ကို တိုက်ခိုက်​ရန် လူ​အပေါင်း​တို့​ကို​ခေါ်​၍​လိုက်သွား​ရာ ဂိဗောင်​မြို့​ရှိ ရေကန်​ကြီး​အနား​တွင် မီ​လေ​၏​။ 13ဣရှမေလ​ဖမ်းသွား​သော​လူ​အပေါင်း​တို့​သည် ကာရာ​၏​သား​ယောဟနန်​နှင့် သူ​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​တို့​ကို မြင်​သောအခါ ဝမ်းမြောက်​ကြ​လေ​၏​။ 14မိဇပါ​မြို့​မှ ဣရှမေလ​ဖမ်းဆီးခေါ်ဆောင်​ခဲ့​သော လူ​အားလုံး​တို့​သည် ကာရာ​၏​သား​ယောဟနန်​ဘက်​သို့ ပြန်​ခိုဝင်​လာ​ကြ​လေ​၏​။ 15နေသနိ​၏​သား​ဣရှမေလ​မူကား လူ​ရှစ်​ယောက်​နှင့်အတူ ယောဟနန်​ထံ​မှ အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ထွက်ပြေး​လွတ်မြောက်​သွား​၏​။ 16အဟိကံ​၏​သား​ဂေဒလိ​ကို နေသနိ​၏​သား​ဣရှမေလ​သတ်​ပြီးနောက် ကာရာ​၏​သား​ယောဟနန်​နှင့် သူ​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် စစ်သူရဲ​များ​၊ မိန်းမ​များ​၊ ကလေးငယ်​များ​နှင့် မင်းမှုထမ်း​များ​ဖြစ်​သည့် မိဇပါ​မြို့​မှ​ကြွင်းကျန်​သော​သူ​အပေါင်း​တို့​ကို ဣရှမေလ​လက်​မှ​ကယ်တင်​ပြီး ဂိဗောင်​မြို့​မှ ပြန်​ခေါ်ဆောင်​လာ​ခဲ့​၏​။ 17ထို့နောက် သူ​တို့​သည် ဗက်လင်​မြို့​နား​ရှိ ဂေရု​ခိမဟံ​အရပ်​တွင် သွား​၍​နေထိုင်​ကြ​ပြီး ထိုမှတစ်ဆင့် အီဂျစ်​ပြည်​သို့​သွား​ရန် ကြံရွယ်​ကြ​၏​။ 18အကြောင်းမူကား နေသနိ​၏​သား​ဣရှမေလ​သည် ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော အဟိကံ​၏​သား​ဂေဒလိ​ကို သတ်လိုက်​သောကြောင့် သူ​တို့​သည် ခါလဒဲ​လူမျိုး​တို့​ကို​ကြောက်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 41: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ