YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 40

40
ယုဒပြည်တွင် ယေရမိနေထိုင်ခြင်း
1ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​နှင့်အတူ ယေရမိ​လည်း ကြိုး​နှင့်​ချည်နှောင်​ခံရ​လျက် ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ရာမ​မြို့​သို့​ရောက်​သောအခါ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​က သူ့​ကို​ပြန်လွှတ်​ပေး​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။ 2ကိုယ်ရံတော်မှူး​သည်​လည်း ယေရမိ​ကို​ခေါ်​၍ “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​က ဤ​ပြည်​တွင် ဘေးအန္တရာယ်​ကျရောက်​မည့်​အကြောင်း မိန့်​တော်မူ​ပြီ​။ 3သင်​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​၊ ထာဝရဘုရား​ကို ပြစ်မှား​ကြ​သောကြောင့် ဤ​အမှု​ဖြစ်ပျက်​လေ​ပြီ​။ ထာဝရဘုရား​သည် ဘေးအန္တရာယ်​ကို ကျရောက်​စေ​ပြီ​။ မိန့်​တော်မူ​သည့်​အတိုင်း ပြု​လေ​ပြီ​။ 4ကြည့်ရှု​လော့​။ ယခုတွင် သင့်​လက်​၌​ချည်နှောင်​ထား​သော​ကြိုး​ကို ဖြေပေး​မည်​။ ငါ​နှင့်အတူ ဘေဘီလုံ​မြို့​သို့​လိုက်​လို​လျှင်​လိုက်​ပါ​။ သင့်​ကို ကောင်းစွာ​ကြည့်ရှု​ပါ​မည်​။ ဘေဘီလုံ​မြို့​သို့ ငါ​နှင့်​သင်​မ​လိုက်​လို​လျှင်​လည်း မလိုက်​ပါ​နှင့်​။ တိုင်းပြည်​တစ်ပြည်လုံး သင့်​ရှေ့မှောက်​တွင်​ရှိ​၏​။ ကောင်း​မည်​၊ အဆင်ပြေ​မည်​ဟု သင်​ထင်​သည့်​နေရာ​များ​သို့ သင်​သွား​နိုင်​၏​”​ဟု ဆို​လေ​၏​။ 5ယေရမိ​ထွက်​မ​သွား​မီ ကိုယ်ရံတော်မှူး​က “​ယုဒ​ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ ပြန်သွား​၍ ပြည်သူ​တို့​နှင့်အတူ နေထိုင်​ပါ​လော့​။ သို့မဟုတ်လျှင်လည်း ကောင်း​မည်​ဟု သင်​ထင်​သည့်​နေရာ​သို့ သွား​ပါ​လော့​”​ဟု ဆို​လျက် ယေရမိ​အား လက်ဆောင်​နှင့် စားနပ်ရိက္ခာ​ကို​ပေး​၍ ပြန်လွှတ်​လိုက်​လေ​၏​။ 6ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။
ငြိမ်းချမ်းရေးအတွက် အကြံပေးသူဂေဒလိ
7ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ 8နေသနိ​၏​သား ဣရှမေလ​၊ ကာရာ​၏​သား ယောဟနန်​နှင့်​ယောနသန်​၊ တာနုမက်​၏​သား စရာယ​၊ နေတောဖာသိ​လူမျိုး ဧဖဲ​၏​သား​များ​၊ မာခါသိ​အမျိုးသား ယေဇနိ​တို့​သည်​လည်း သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။
9ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​က​လည်း သူ​တို့​နှင့်​သူ​တို့​၏​လူ​များ​အား “​ခါလဒဲ​လူမျိုး​တို့​ကို အစေခံ​ရ​မည်​ကို မ​ကြောက်​ကြ​နှင့်​။ ဤ​ပြည်​၌ နေထိုင်​ကြ​လော့​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​ကောင်းစား​ရ​လိမ့်မည်​ဟု ကျိန်ဆို​ပြီးလျှင် 10ငါ​မူကား မိဇပါ​မြို့​တွင်​နေထိုင်​ပြီး ငါ​တို့​ထံ​ရောက်လာ​မည့် ခါလဒဲ​လူမျိုး​တို့​ကို ရင်ဆိုင်​ပေး​မည်​။ သင်​တို့​မူကား စပျစ်ဝိုင်​မှစ၍ နွေရာသီသီးနှံ​၊ ဆီ​တို့​ကို စုသိမ်း​ပြီး အိုး​များ​၌ သို​ထား​ကြ​လော့​။ သင်​တို့​ရ​ထား​သော​မြို့​တို့​တွင် နေထိုင်​ကြ​လော့​”​ဟု ဆို​လေ​၏​။
11ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ 12သူ​တို့​နှင်ထုတ်​ခံရ​၍ ရောက်​ရာ​အရပ်ရပ်​တို့​မှ ယုဒ​ပြည်​၊ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့ ပြန်လာ​ကြ​၏​။ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​၍ စပျစ်ဝိုင်​၊ နွေရာသီသီးနှံ​နှင့် ဆီ​တို့​ကို အများအပြား​စုသိမ်း​ကြ​လေ​၏​။
13တစ်နေ့တွင် ကာရာ​၏​သား​ယောဟနန်​နှင့် တော​ထဲ၌​ပုန်းခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် ဂေဒလိ​ရှိ​ရာ​မိဇပါ​မြို့​သို့ လာ​ကြ​၍ 14“​အမ္မုန်​ဘုရင်​ဗာလိတ်​မင်းကြီး​သည် သင့်​ကို​သတ်​ရန် နေသနိ​၏​သား​ဣရှမေလ​ကို စေလွှတ်​ကြောင်း သင်​မ​သိ​သလော​”​ဟု မေး​လေ​၏​။ သို့သော် အဟိကံ​၏​သား​ဂေဒလိ​သည် သူ​တို့​၏​စကား​ကို​မ​ယုံ​။ 15ထိုအခါ ကာရာ​၏​သား​ယောဟနန်​က “​နေသနိ​၏​သား​ဣရှမေလ​ကို သွား​၍​သတ်​ရ​သော​အခွင့်​ကို ပေး​ပါ​။ မည်သူမျှ မ​သိ​စေ​ရ​။ အဘယ်ကြောင့် သူ​သည် သင့်​ကို​သတ်​၍ သင့်​ကို​ခိုလှုံ​လာ​သော​ယုဒ​လူ​အပေါင်း​တို့​ကို ကွဲလွင့်​စေ​မည်နည်း​။ အဘယ်ကြောင့် ယုဒ​ပြည်​၌​ကြွင်းကျန်​သော​သူ​တို့ ပျက်စီး​ကြ​ရ​မည်နည်း​”​ဟု ဂေဒလိ​အား မိဇပါ​မြို့​၌ တိတ်တဆိတ်​လျှောက်ဆို​၏​။
16သို့သော် အဟိကံ​၏​သား​ဂေဒလိ​က ကာရာ​၏​သား​ယောဟနန်​အား “​သင်​ထိုသို့​မ​ပြု​ရ​။ ဣရှမေလ​နှင့်​ပတ်သက်၍ သင်​မဟုတ်မမှန် ပြောဆို​လေ​ပြီ​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 40: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ