YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 3

3
လမ်းလွဲဖောက်ပြန်ခြင်း၏အဖိုးအခ
1ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 2တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။ 3ထို့ကြောင့် မိုး​ခေါင်​၍ နွေဦးမိုး​လည်း မ​ရွာ​တော့​ပေ​။ ထိုသို့​ဖြစ်​သော်လည်း သင်​သည် ပြည့်တန်ဆာ​ကဲ့သို့ ခေါင်းမာ​၍​အရှက်အကြောက်​မ​ရှိ​။ 4ယခုပင်သင်​က “အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​ငယ်ရွယ်စဉ်​မှစ၍ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​ဖြစ်​ပါ​၏​။ 5ကိုယ်တော်​သည် အမျက်​အစဉ်​ထွက်​တော်မူ​မည်လော​။ အမျက်မပြေ​ဘဲ နေ​တော်မူ​မည်လော”​ဟု ဟစ်ခေါ်​ပြောဆို​ခဲ့​ပြီးမှ သင်​သည် မကောင်းမှု​များ​ကို အစွမ်းကုန်​ပြု​ပါ​သည်​တကား​။
သစ္စာမဲ့သော အစ္စရေးလူမျိုး၊ ဖောက်ပြန်သောယုဒလူမျိုး
6ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာလုပ်​လေ​ပြီ​။ 7သူ​သည် ထိုသို့​အလုံးစုံ​ပြု​ပြီးနောက် ငါ​က ‘ငါ့​ထံသို့​ပြန်လာ​ပါ’ ဟု ဆို​သော်လည်း သူ​သည် ပြန်​မ​လာ​ဘဲ​နေ​၏​။ သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် ထို​အရာ​ကို မြင်​၏​။ 8သစ္စာမဲ့​သော​အစ္စရေး​လူမျိုး​သည် အိမ်ထောင်ရေးဖောက်ပြန်​သည်​ကို ငါ​မြင်​သောကြောင့် သူ့​ကို ကွာရှင်း​စာ​ပေး​ပြီး နှင်ထုတ်​ခဲ့​သည်​ကို​ပင် သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် မ​ကြောက်​ဘဲ ပြည့်တန်ဆာ​သွား​လုပ်​၏​။ 9သူ​သည် ဖောက်ပြန်​သော​အပြစ်​ကို ပေါ့ပေါ့တန်တန်​သဘောထား​၍ ကျောက်တုံး​၊ သစ်တုံး​တို့​နှင့် ဖောက်ပြန်​ခြင်း​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ခဲ့​၏​။ 10ထို​အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် စိတ်နှလုံး​အကြွင်းမဲ့ ငါ့​ထံသို့​ပြန်​မ​လာ​။ ပြန်လာ​ဟန်ဆောင်​သည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
11တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​က မိမိကိုယ်မိမိ သစ္စာမဲ့​သော​ယုဒ​အမျိုး​ထက် သာ၍​ဖြောင့်မတ်​သည်​ဟု ဆို​၏​။ 12ထို့ကြောင့် သင်​သည် မြောက်အရပ်​သို့​သွား​၍ ဤ​သတင်းစကား​တို့​ကို ဟစ်ကြော်​ပြောဆို​လော့​။ ‘​အို လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​၊ ပြန်လာ​လော့​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် ကရုဏာ​ထား​သည်​ဖြစ်၍ သင့်​အပေါ် အမျက်​ကျရောက်​စေ​မည်​မ​ဟုတ်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် အမျက်​အစဉ်​ထွက်​မည်​မ​ဟုတ်​။ 13သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 14အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လာ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထာဝရဘုရား​က “ငါ​သည် သင်​တို့​၏​ခင်ပွန်း​ဖြစ်​၏​။ သင်​တို့​ကို မြို့​တစ်​မြို့​လျှင်​တစ်ယောက်​၊ မျိုးနွယ်စု​တစ်​စု​လျှင်​နှစ်​ယောက် ရွေးယူ​၍ ဇိအုန်​မြို့​သို့​ပို့ဆောင်​မည်​။ 15ငါ​နှစ်သက်​သော​သိုးထိန်း​များ​ကို သင်​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် သင်​တို့​ကို အသိပညာ​၊ ဉာဏ်ပညာ​ဖြင့် အုပ်ထိန်း​လိမ့်မည်​။ 16ထို​ကာလ​၌ ပြည်​တော်​တွင် သင်​တို့​သည် များစွာ​ပွားများ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ထိုအခါ လူ​တို့​သည် ‘ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်’​ဟု ပြောဆို​ကြ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ၌ ရှိ​တော့​မည်​မ​ဟုတ်​၊ အောက်မေ့​သတိရ​တော့​မည်​မ​ဟုတ်​။ ထို​သေတ္တာ​တော်​ကို ပြုလုပ်​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ 17“ထို​ကာလ​၌ သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို ‘ထာဝရဘုရား​၏​ပလ္လင်’​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​လိမ့်မည်​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ လိုက်​ကြ​တော့​မည်​မ​ဟုတ်​။ 18ထို​ကာလ​၌ ယုဒ​အမျိုးအနွယ်​သည် အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ သွားလာ​ကြ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ဘိုးဘေး​တို့​အား ငါ​အမွေပေး​သော​ပြည်​သို့ မြောက်ဘက်​အရပ်​မှ အတူတကွ​လာ​ကြ​လိမ့်မည်​။
စစ်မှန်သောနောင်တ
19သို့သော် ‘​ငါ​သည် သင့်​ကို သား​တို့​တွင် မည်သို့​နေရာပေး​ရ​မည်နည်း​။ သာယာ​သော​ပြည်​နှင့် လူမျိုး​အားလုံး​တို့​၏​လှပ​သော​အမွေ​ကို သင့်​အား မည်သို့​ပေး​ရ​မည်နည်း’​ဟု ငါ​ဆို​ခဲ့​၏​။ ‘သင်​သည် ငါ့​ကို အကျွန်ုပ်​၏​အဖ​ဟု ခေါ်ဆို​ပြီး ငါ့​ထံမှ ပြန်လှည့်​သွား​မည် မ​ဟုတ်​’​ဟု ငါ​ထင်​ခဲ့​၏​။ 20သို့သော် အို အစ္စရေး​လူမျိုး​၊ မိန်းမ​သည် မိမိ​ယောက်ျား​ကို သစ္စာမဲ့​သကဲ့သို့ သင်​တို့​သည် ငါ့​ကို သစ္စာမဲ့​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 21အစ္စရေး​အမျိုးသား​တို့​သည် ဖောက်ပြန်​လမ်းလွဲ​၍ ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ကြ​သောကြောင့် တောင်ကတုံး​များ​ပေါ်၌ သူ​တို့​ငိုကြွေး​သော​အသံ​၊ အသနားခံ​သော​အသံ​ကို ကြား​ရ​ပြီ​။ 22“​အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လှည့်​လာ​ကြ​လော့​။ သင်​တို့​၏​လမ်းလွဲဖောက်ပြန်မှု​ကို ငါ​ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​သော် သူ​တို့​က “​ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​ထံသို့ အကျွန်ုပ်​တို့ လာ​ကြ​ပါ​ပြီ​။ 23အကယ်စင်စစ် တောင်ကြီး​၊ တောင်ငယ်​များ​ပေါ်မှ ဆူညံ​သော​အသံ​သည် လှည့်ဖြား​ခြင်း​သာ​ဖြစ်​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ 24အကျွန်ုပ်​တို့​ငယ်ရွယ်​စဉ်​ကပင် ရှက်ကြောက်ဖွယ်​ဘုရား​များ​က အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​သိုး​နွား​များ​၊ သား​သမီး​များ စသည့် ဘိုးဘေး​တို့​၏​စည်းစိမ်ဥစ္စာ​ကို ဝါးမျို​လေ​ပြီ​။ 25အကျွန်ုပ်​တို့​သည် အရှက်ကွဲ​ခြင်း​၌ လဲလျောင်း​ရ​ပါစေ​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို ဖုံးလွှမ်း​ပါစေ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ငယ်စဉ်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​ဘိုးဘေး​များ​သည် ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို နား​မ​ထောင်​ကြ​ပါ​”​ဟု ဆို​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။