YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 2

2
လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးတို့ကို အပြစ်တင်ခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​ဂျေရုဆလင်​မြို့​ကြားသိ​အောင်​သွား​၍​ဟစ်အော်​လော့​။ ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ ‘သင်​ငယ်ရွယ်​စဉ်က ငါ့​အပေါ်​မေတ္တာ​ထား​ခဲ့​သည်​ကို​လည်းကောင်း​၊ သတို့သမီး​အချစ်​နှင့် ချစ်​ခဲ့​သည်​ကို​လည်းကောင်း​၊ မြေရိုင်းမြေကော​တောကန္တာရ​၌ ငါ့​နောက်​လိုက်​ခဲ့​သည်​ကို​လည်းကောင်း ငါ​အောက်မေ့​၏​။ 3အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​၊ ကိုယ်တော်​၏​အသီးအနှံ​တို့​တွင် အသီးဦး​ဖြစ်​၏​။ သူ့​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​အပေါ် အပြစ်​သက်ရောက်​မည်​၊ ဘေးအန္တရာယ်​ကျရောက်​မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ 4အို ယာကုပ်​အမျိုးအနွယ်​တို့​၊ အစ္စရေး​မျိုးနွယ်စု​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 5ထာဝရဘုရား​က “​သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ​၌​မည်သည့်​မတရားမှု​ကို​တွေ့​၍ ငါ​နှင့်​ဝေးဝေးနေ​ကြ​သနည်း​။ အဘယ်ကြောင့် အချည်းနှီး​သော​အရာ​နောက်သို့​လိုက်​၍ အသုံးမကျ​သော​သူ​ဖြစ်​ကြ​သနည်း​။ 6သူ​တို့​က ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပြီးလျှင် ချောက်​ပေါများ​သော​သဲကန္တာရ​၊ ခြောက်သွေ့​၍​သေမင်းအရိပ်​လွှမ်းမိုး​ရာ​၊ နေထိုင်​သွားလာ​သူ​မ​ရှိ​ရာ တောကန္တာရ​တစ်လျှောက် ပို့ဆောင်​တော်မူ​သော​ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။ 7ကောင်း​သော​အသီးအနှံ​တို့​ကို စား​ရ​မည့်​အကြောင်း သင်​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​၏​။ သို့သော် သင်​တို့​ရောက်လာ​၍ ငါ့​ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ အမွေ​ပြည်​ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေ​ကြ​၏​။ 8ယဇ်ပုရောဟိတ်​တို့​က​လည်း ‘ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။ ပညတ်တရား​ကို စွဲကိုင်​သော​သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ​။ အုပ်ချုပ်​သူ​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ပရောဖက်​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ကြ​၏​။ အကျိုး​မ​ပေး​သော​အရာ​တို့​နောက်သို့​လိုက်​ကြ​၏​။ 9ထို့ကြောင့် ငါ​သည် သင်​တို့​ကို စွဲချက်တင်​မည်​။ သင်​တို့​၏​သားမြေး​တို့​ကို​လည်း စွဲချက်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။ 10“​ဆိုက်ပရပ်​ကမ်းရိုးတန်းဒေသ​များ​ကို ဖြတ်​၍ ကြည့်ရှု​လော့​။ ကေဒါ​ပြည်​သို့​လူ​လွှတ်​၍ အသေအချာ​စူးစမ်း​စေ​လော့​။ ဤသို့​ဖြစ်​ခဲ့​ဖူး​ပြီ​လော​။ 11လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။ 12အို မိုးကောင်းကင်​၊ ဤ​အမှုအရာ​၌ တုန်လှုပ်ချောက်ချား​လျက်​နေ​လော့​။ အလွန်​ကြောက်လန့်​လျက်​၊ မှင်တက်​လျက်​နေ​လော့​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 13“အကယ်စင်စစ် ငါ့​လူမျိုး​တော်​သည် မကောင်းမှု​နှစ်​မျိုး​ကို ပြု​ကြ​ပြီ​။ သက်​စမ်းရေတွင်း​ဖြစ်​သည့် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ​။ ရေကန်​များ​ကို​တူး​ကြ​ပြီ​။ ထို​ရေကန်​တို့​သည် ကွဲအက်​သဖြင့် ရေ​လှောင်​၍​မ​ရ​။
လမ်းလွဲဖောက်ပြန်ခြင်း၏အကျိုးဆက်
14အစ္စရေး​လူမျိုး​သည် ကျွန်​ဖြစ်​သလော​၊ ကျွန်သပေါက်​ဖြစ်​သလော​။ အဘယ်ကြောင့် လုယူဖျက်ဆီး​ခြင်း​ခံရ​သနည်း​။ 15သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။ 16မင်ဖစ်​မြို့သား​၊ တာပနက်​မြို့သား​တို့​သည်​လည်း သင်​၏​ဦးထိပ်​ကို ထိုးဖောက်​ကြ​ပြီ​။ 17သင့်​ကို လမ်းခရီး​၌ ပို့ဆောင်​ခဲ့​စဉ်က သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​စွန့်ပယ်​သောကြောင့် သင်​၌ ဤသို့ ဖြစ်​ရ​သည်​မ​ဟုတ်​လော​။ 18ယခု ရှိဟောရ​မြစ်ရေ​ကို​သောက်​ဖို့ အီဂျစ်​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။ ယူဖရေးတီး​မြစ်#2:18 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​ရေ​ကို​သောက်​ဖို့ အဆီးရီးယား​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။ 19သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 20“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။ 21ငါ​သည် သင့်​ကို အရည်အသွေး​အကောင်းဆုံး​မျိုးစေ့​မှ အကောင်းဆုံး​စပျစ်ပင်​အဖြစ် စိုက်ပျိုး​ခဲ့​၏​။ သို့သော် သင်​သည် စပျစ်ရိုင်းပင်​အဖြစ် မည်သို့​ပေါက်လာ​ရ​သနည်း​။ 22သင်​သည် သင့်ကိုယ်သင် ပြာရည်​နှင့် မည်မျှ​ဆေးကြော​သည်​ဖြစ်စေ​၊ ဆပ်ပြာ​မည်မျှ​သုံး​သည်​ဖြစ်စေ သင်​၏​ဒုစရိုက်​သည် ငါ့​ရှေ့​၌ စွန်းထင်း​လျက်​ရှိ​သည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 23“သင်​က ‘ငါ​သည် မ​ညစ်ညူး​၊ ဗာလ​ဘုရား​တို့​နောက်သို့​မ​လိုက်’​ဟု မည်သို့​ဆို​နိုင်​သနည်း​။ ချိုင့်ဝှမ်း​ထဲ၌ သင်​ပြု​ခဲ့​သော​အမှု​ကို ကြည့်​လော့​။ သင်​ပြု​ခဲ့​သော​အရာ​ကို သိမှတ်​လော့​။ သင်​သည် လမ်း​ပေါ်၌​ဟိုဟိုသည်သည်​ပြေးလွှား​သည့် လျင်မြန်​သော​ကုလားအုတ်မ​ပါ​တကား​။ 24ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။ 25‘​ဖိနပ်မပါ​ဘဲ​မသွား​နှင့်​၊ အာခေါင်​မ​ခြောက်​စေ​နှင့်​’​ဟု သတိပေး​သော်လည်း သင်​က ‘​မမျှော်လင့်​နှင့်​။ သူစိမ်း​ကို ငါ​တကယ်​ချစ်​မိ​ပြီ​ဖြစ်၍ သူ​တို့​နောက်သို့​လိုက်​တော့​မည်​’​ဟု ဆို​၏​။ 26အစ္စရေး​လူမျိုး​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် ဖမ်းမိ​သော​သူခိုး​အရှက်ကွဲ​သကဲ့သို့ အရှက်ကွဲ​ရ​လိမ့်မည်​။ 27သူ​တို့​က သစ်ပင်​အား ‘​အကျွန်ုပ်​၏​ဖခင်​’​၊ ကျောက်တုံး​အား ‘​အကျွန်ုပ်​တို့​ကို​မွေးဖွား​သူ​’​ဟု ဆို​ကြ​၏​။ ငါ့​ကို​ကား မျက်နှာလွှဲ​၍ ကျောခိုင်း​သွား​ကြ​၏​။ သို့သော် ဒုက္ခ​ရောက်​ချိန်​၌ ‘​ထ​တော်မူ​ပါ​၊ အကျွန်ုပ်​တို့​ကို​ကယ်​တော်မူ​ပါ​’​ဟု ဆို​တတ်​ကြ​၏​။ 28သင့်​အတွက် သင်​လုပ်​သော ဘုရား​များ​သည် အဘယ်မှာ​နည်း​။ သင်​ဒုက္ခ​ရောက်​ချိန်​၌ ထို​ဘုရား​တို့​သည် သင့်​ကို ကယ်တင်​နိုင်​လျှင် ထ​၍​ကယ်​ကြ​ပါစေ​။ အို ယုဒ​ပြည်​၊ သင့်​မြို့​အရေအတွက်​များ​သည်​နှင့်အမျှ သင့်​ဘုရား​သည်​လည်း များ​ပါ​သည်​တကား​။
ထိုက်တန်သောစီရင်ချက်
29အဘယ်ကြောင့် ငါ့​ကို​ရန်တွေ့​ကြ​သနည်း​။ သင်​တို့​အားလုံး​သည် ငါ့​ကို ပုန်ကန်​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 30“ငါ​သည် သင်​တို့​၏​သားသမီး​များ​ကို ဆုံးမ​သော်လည်း အကျိုးမရှိ​။ သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်​မ​ခံ​ကြ​။ သင်​တို့​၏​ဓား​သည် သွေးဆာ​နေ​သော​ခြင်္သေ့​ကဲ့သို့ ပရောဖက်​များ​ကို ဝါးမျို​လေ​ပြီ​။ 31ယခု​မျိုးဆက်​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင်ခြင်​ကြ​လော့​။ ငါ​သည် အစ္စရေး​လူမျိုး​အဖို့ တောကန္တာရ​ကဲ့သို့ ဖြစ်​ဖူး​သလော​။ အမှောင်ထု​လွှမ်း​သော​ပြည်​ကဲ့သို့ ဖြစ်​ဖူး​သလော​။ ငါ​၏​လူမျိုး​တော်​က ‘ငါ​တို့​သည် လွတ်လပ်​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​ထံ ပြန်​မ​လာ​တော့​ပါ’​ဟု အဘယ်ကြောင့်​ဆို​ကြ​သနည်း​။ 32အပျိုကညာ​သည် မိမိ​အဆင်တန်ဆာ​ကို​လည်းကောင်း​၊ သတို့သမီး​သည် မိမိ​မင်္ဂလာဆောင်ဝတ်စုံ​ကို​လည်းကောင်း မေ့လျော့​နိုင်​မည်လော​။ သို့သော် ငါ​၏​လူ​တို့​သည် ကာလ​ကြာမြင့်​စွာ ငါ့​ကို​မေ့လျော့​ကြ​ပြီ​။ 33အချစ်​ရှာ​နည်း​ကို သင်​ကျွမ်းကျင်​လှ​ပါ​သည်​တကား​။ ဆိုးသောမိန်းမ​တို့​ကို​လည်း သင်​၏​နည်းလမ်း​တို့​ကို သင်ကြား​ပေး​ပါ​သည်​တကား​။ 34အပြစ်မဲ့​သော​ဆင်းရဲသား​တို့​ဖောက်ထွင်းသည်​ကို သင်​မ​တွေ့​။ သို့သော် သင့်​အဝတ်​အောက်စွန်း​၌ သူ​တို့​၏​သွေးစွန်း​သည်​ကို တွေ့​ရ​၏​။ ထိုသို့​ဖြစ်​လျက်​နှင့်​ပင် 35သင်​က ‘ငါ​၌ အပြစ်မရှိ​။ အမျက်​တော်​သည် အမှန်ပင် ငါ့​ထံမှ​လှည့်သွား​ပြီ’​ဟု ဆို​၏​။ ငါ​သည်အပြစ်​မ​ပြု’​ဟု သင်​ဆို​သောကြောင့် သင့်​ကို ငါ​တရားစီရင်​မည်​။#၁ယော 1:8,10။ 36သင်​သည် အဘယ်ကြောင့် ဤမျှလောက်​လှည့်လည်​သွားလာ​၍ သင်​၏​အပြုအမူ​ကို ပြောင်းလဲ​ရ​သနည်း​။ အဆီးရီးယား​ပြည်​အားဖြင့် အရှက်ကွဲ​ရ​သကဲ့သို့ အီဂျစ်​ပြည်​အားဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​။ 37သင်​သည် မိမိ​ခေါင်း​ပေါ်၌ လက်​ကို​တင်​လျက် ထို​ပြည်​မှ​ထွက်သွား​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​ကိုးစားသောသူ​တို့​ကို ပယ်​တော်မူ​ပြီ​ဖြစ်၍ သင်​သည် သူ​တို့​အားဖြင့် ကောင်းစား​လိမ့်မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။