YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 20

20
ယေရမိကို ပါရှုရရိုက်နှက်ခြင်း
1ယေရမိ ပရောဖက်ပြု​ဟောပြော​သော​အကြောင်းအရာ​တို့​ကို ဣမေရ​၏​သား​၊ ထာဝရဘုရား​၏​အိမ်​တော်​ကို​ကြီးကြပ်အုပ်ချုပ်သူ ယဇ်ပုရောဟိတ်​ပါရှုရ​ကြား​လျှင် 2ပါရှုရ​သည် ပရောဖက်​ယေရမိ​အား ရိုက်နှက်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ အထက်​ဗင်္ယာမိန်​တံခါး​၌ ထိတ်ခတ်​ထား​လေ​၏​။ 3နောက်တစ်နေ့​တွင် ပါရှုရ​သည် ယေရမိ​ကို​ထိတ်ခတ်​ထား​ရာ​မှ လွှတ်ပေး​သောအခါ ယေရမိ​က ပါရှုရ​အား “​ထာဝရဘုရား​သည် သင်​၏​အမည်​ကို ပါရှုရ ဟု မ​ခေါ်​၊ မာဂေါမိဿဘိတ်#20:3 “ကြောက်လန့်စရာများပတ်ပတ်လည်တွင်ရှိ၏”ဟူသောအဓိပ္ပယ်ရှိ၏။ ဟု မှည့်ခေါ်​လေ​ပြီ​။ 4အကြောင်းမှာ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို သင်ကိုယ်တိုင်​အတွက်​သော်​လည်းကောင်း​၊ သင်​၏​အပေါင်းအဖော်​အားလုံး​အတွက်​သော်​လည်းကောင်း ကြောက်လန့်စရာ​ဖြစ်စေ​မည်​။ သင်​၏​အပေါင်းအဖော်​များ​သည် ရန်သူ​၏​ဓား​ဖြင့်​လဲကျ​သေဆုံး​ကြ​သည်​ကို သင်​မြင်တွေ့​ရ​မည်​။ ယုဒ​အမျိုး​အားလုံး​ကို ဘေဘီလုံ​ဘုရင်​၏​လက်​သို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ပြီး ဓား​ဖြင့်​ကွပ်မျက်​မည်​။ 5ငါ​သည် ဤ​မြို့​၏​စည်းစိမ်ဥစ္စာ​၊ ချွေးနှဲစာ​၊ အဖိုးတန်ရတနာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ ယုဒ​ဘုရင်​တို့​၏​ဥစ္စာဘဏ္ဍာ​ရှိသမျှ​တို့​ကို​လည်းကောင်း ရန်သူ့​လက်​သို့ အပ်​မည်​။ ရန်သူ​တို့​သည် သူ​တို့​ကို လုယူတိုက်ခိုက်​၍ ဘေဘီလုံ​မြို့​သို့ ယူ​ဆောင်သွား​လိမ့်မည်​။ 6အို ပါရှုရ​၊ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​အားလုံး ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ သင်​နှင့် သင်​မုသား​သုံး​၍​ပရောဖက်ပြု​သည်​ကို နာယူ​ခဲ့​သော သင့်​အပေါင်းအဖော်​တို့​သည် ဘေဘီလုံ​မြို့​သို့​ရောက်သွား​၍ ထို​အရပ်​၌​သေဆုံး​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။
ယေရမိအား အတင်းအကျပ်ဟောပြောစေခြင်း
7အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွေးဆောင်​တော်မူ​ပြီ​။ အကျွန်ုပ် သွေးဆောင်​ခံရ​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ထက် ခွန်အားကြီး​သဖြင့် နိုင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် နေ့စဉ် လှောင်ပြောင်​ခြင်း​ခံရ​ပါ​၏​။ လူ​တိုင်း အကျွန်ုပ်​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။ 8အကျွန်ုပ်​ဟောပြော​လေရာရာ​၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​အကြောင်း​များ​ကို​သာ အော်ဟစ်​ကြွေးကြော်​ရ​ပါ​၏​။ အကြောင်းမူကား ထာဝရဘုရား​၏​စကား​တော်​သည် အကျွန်ုပ်​၌ နေ့စဉ် ကဲ့ရဲ့စရာ​၊ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​စေ​ပါ​၏​။ 9ငါ​က “​ကိုယ်တော်​ကို မ​အောက်မေ့​၊ နာမ​တော်​ဖြင့် မ​ဟောပြော​လို​တော့​ပြီ​”​ဟု ဆို​သော်လည်း ငါ့​စိတ်နှလုံး​ထဲ၌ မီး​တောက်လောင်​သကဲ့သို့ ပူလောင်​၏​။ ငါ့​အရိုး​ထဲထိ ပူလောင်​၏​။ ငါ​မ​ခံ​မ​ရပ်​နိုင်​အောင် ပင်ပန်း​လှ​၏​။ 10အကြောင်းမူကား လူ​အများ​တို့​က “​ပတ်ပတ်လည်​၌ ကြောက်လန့်စရာ​ရှိ​၏​။ သတင်းပို့​ကြ​စို့​။ ငါ​တို့​သတင်းပို့​ကြ​စို့​”​ဟူ၍ တီးတိုးပြောသံ​ကို​သာ ငါ​ကြား​ရ​၏​။ အကျွန်ုပ်​၏​မိတ်ဆွေရင်းချာ​အပေါင်း​တို့​လည်း အကျွန်ုပ်​ပြိုလဲ​သည်​ကို စောင့်ကြည့်​၍ “​သူ့​ကို လှည့်စား​၍ ရ​ကောင်း​ရ​နိုင်​လိမ့်မည်​။ သူ့​ကို အနိုင်ယူ​မည်​။ လက်တုံ့ပြန်​မည်​”​ဟု ဆို​ကြ​၏​။ 11သို့သော် ထာဝရဘုရား​သည် အားကြီး​သော​စစ်သူရဲ​အဖြစ် ငါ့​ဘက်​၌ ရှိ​တော်မူ​၏​။ ထို့ကြောင့် အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​သည် အနိုင်​မ​ရ​ဘဲ လဲကျ​ကြ​လိမ့်မည်​။ မ​အောင်မြင်​ဘဲ အရှက်ကွဲ​အကျိုးနည်း ဖြစ်​ကြ​လိမ့်မည်​။ မ​မေ့ပျောက်​နိုင်​အောင် အစဉ်​အသရေပျက်​ကြ​လိမ့်မည်​။ 12စိတ်နှလုံး​အတွင်းသဘော#20:12 တိုက်ရိုက်ပြန်ဆိုလျှင် “ကျောက်ကပ်တို့”။​ကို​မြင်​၍ ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​သော အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော်​လက်​သို့ အပ်​ပါ​ပြီ​။ သူ​တို့​အား လက်တုံ့ပြန်​တော်မူ​သည်​ကို အကျွန်ုပ်​တွေ့မြင်​ပါရစေ​။ 13ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သူ​၏​အသက်​ကို ဆိုးညစ်​သူ​လက်​မှ ကယ်နုတ်​တော်မူ​၏​။
ယေရမိညည်းတွားခြင်း
14ငါ​မွေး​သော​နေ့​သည် ကျိန်​ခြင်း​ခံရ​ပါစေ​။ ငါ့​ကို ငါ့​မိခင်​မွေး​သော​နေ့​သည် မင်္ဂလာ​မ​ရှိ​ပါစေ​နှင့်​။ 15ငါ့​ဖခင်​ဝမ်းသာ​ရ​အောင် “​သင်​သည် သားယောက်ျား​ကို ရ​ပါ​ပြီ​”​ဟု သူ့​ထံ​သတင်းယူဆောင်​လာ​သော​သူ​သည် ကျိန်​ခြင်း​ခံရ​ပါစေ​။ 16ထာဝရဘုရား မ​နှမြော​ဘဲ ဖျက်ဆီး​ပစ်​သော​မြို့​များ​ကဲ့သို့ ထို​သူ​ဖြစ်​ပါစေ​။ နံနက်အချိန်​၌ အော်ဟစ်သံ​၊ မွန်းတည့်​အချိန်​၌ အချက်ပေးသံ​တို့​ကို ကြား​ရ​ပါစေ​။ 17ငါ့​ကို အမိ​ဝမ်း​ထဲကပင် သတ်​ခဲ့​သင့်​၏​။ သို့ပြုလျှင် မိခင်​၏​ဝမ်း​သည် ငါ​၏​သင်္ချိုင်း​၊ ငါ့​ကို အစဉ်​ကိုယ်ဝန်ဆောင်ရာ​နေရာ ဖြစ်​လိမ့်မည်​။ 18ငါ​သည် အခက်အခဲ​ပြဿနာ​၊ ဝမ်းနည်း​ခြင်း​များ​နှင့် ကြုံတွေ့​ရ​၍ ငါ​၏​နေ့ရက်​တို့​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ကုန်ဆုံး​သွား​ရ​စေရန် အဘယ်ကြောင့် မွေးလာ​ရ​သနည်း​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ