ယေရမိအနာဂတ္တိကျမ်း 18
18
အိုးထိန်းသည်ပုံဥပမာ
1ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်မှာ 2“ထ၍ အိုးထိန်းသည်အိမ်သို့ သွားလော့။ ထိုအိမ်၌ သင်သည် ငါ၏နှုတ်ကပတ်တော်ကို ကြားရမည်”ဟူ၍ ဖြစ်၏။ 3ငါသည်လည်း အိုးထိန်းသည်အိမ်သို့သွား၍ ရောက်သောအခါ သူသည် အိုးထိန်းစက်နှင့် အလုပ်လုပ်နေသည်ကို တွေ့ရ၏။ 4အိုးထိန်းသည်သည် ရွှံ့စေးဖြင့် အိုးတစ်လုံးကိုပြုလုပ်ရာ ပုံပျက်သွားသဖြင့် အခြားအိုးတစ်လုံးကို သူနှစ်သက်သောပုံဖြင့် တစ်ဖန်ပြုလုပ်လေ၏။
5ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။ 6ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။ 7ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း နုတ်ပယ်ဖြိုချမည်၊ ဖျက်ဆီးမည်ဟု ငါသတိပေးခဲ့ပြီ။ 8သတိပေးခံရသောလူမျိုးသည် မိမိပြုသောမကောင်းမှုမှ နောင်တရလျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်။ 9ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း တည်ထောင်ပြုစုနိုင်သည်ဟု ငါမိန့်ဆိုခဲ့ပြီ။ 10ငါမိန့်ဆိုသောစကားကိုနားမထောင်ဘဲ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြုလျှင် ကောင်းစားစေမည်ဟုငါမိန့်ဆိုခဲ့သည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။ 11ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။ 12သို့သော် သူတို့က “မျှော်လင့်စရာမရှိ။ ထို့ကြောင့် ငါတို့သည် ကိုယ့်အကြံအစည်နောက်သို့ ကိုယ်လိုက်မည်။ ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း ပြုမည်”ဟု ပြောဆိုကြ၏။
လမ်းလွဲသောအစ္စရေးလူမျိုး
13သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။ 14လက်ဘနွန်တောင်နှင်းပွင့်သည် ကျောက်တောင်စောင်း#18:14 တိုက်ရိုက်ပြန်ဆိုလျှင် “ကွင်းပြင်”။ကို စွန့်သွားတတ်သလော။ အဝေးမှစီးဆင်းလာသည့် အေးမြသောရေသည် ခန်းခြောက်#18:14 တိုက်ရိုက်ပြန်ဆိုလျှင် “နုတ်ပစ်”။သွားတတ်သလော။ 15သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။ 16သူတို့ပြည်ကို လူသူကင်းမဲ့ရာ၊ အစဉ်ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေသဖြင့် ထိုပြည်နား ဖြတ်သန်းသွားလာသူတိုင်း အံ့ဩလျက် ခေါင်းကိုခါယမ်းကြလိမ့်မည်။ 17ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့တွင် ကွဲလွင့်စေမည်။ သူတို့ဘေးဒုက္ခရောက်သောနေ့၌ သူတို့ကို မျက်နှာမပြ၊ ကျောခိုင်းထားမည်”ဟု မိန့်တော်မူ၏။
ယေရမိလုပ်ကြံခံရခြင်း
18လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာ#18:18 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာနှင့်ရိုက်”။ကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။ 19အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသောသူတို့၏စကားကို ကြားတော်မူပါ။ 20အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။ 21ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။ 22ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။ 23အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative