YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 18

18
အိုးထိန်းသည်ပုံဥပမာ
1ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ 2“​ထ​၍ အိုးထိန်းသည်​အိမ်​သို့ သွား​လော့​။ ထို​အိမ်​၌ သင်​သည် ငါ​၏​နှုတ်ကပတ်တော်​ကို ကြား​ရ​မည်​”​ဟူ၍ ဖြစ်​၏​။ 3ငါ​သည်​လည်း အိုးထိန်းသည်​အိမ်​သို့​သွား​၍ ရောက်​သောအခါ သူ​သည် အိုးထိန်းစက်​နှင့် အလုပ်​လုပ်​နေ​သည်​ကို တွေ့​ရ​၏​။ 4အိုးထိန်းသည်​သည် ရွှံ့စေး​ဖြင့် အိုး​တစ်​လုံး​ကို​ပြုလုပ်​ရာ ပုံပျက်​သွား​သဖြင့် အခြား​အိုး​တစ်​လုံး​ကို သူ​နှစ်သက်​သော​ပုံ​ဖြင့် တစ်ဖန်​ပြုလုပ်​လေ​၏​။
5ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။ 6ထာဝရဘုရား​က “​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ အိုးထိန်းသည် ပြု​သကဲ့သို့ သင်​တို့​ကို ငါ​ပြု​နိုင်​သည်​မ​ဟုတ်​လော​။ ကြည့်ရှု​လော့​။ ရွှံ့စေး​သည် အိုးထိန်းသည်​လက်​၌​ရှိ​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​လက်​၌​ရှိ​၏​။ 7ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်နိုင်ငံ​ကို တစ်ခဏအတွင်း နုတ်ပယ်​ဖြိုချ​မည်​၊ ဖျက်ဆီး​မည်​ဟု ငါ​သတိပေး​ခဲ့​ပြီ​။ 8သတိပေး​ခံရ​သော​လူမျိုး​သည် မိမိ​ပြု​သော​မကောင်းမှု​မှ နောင်တရ​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော​အကြံအစည်​မှ စိတ်ပြောင်းလဲ​မည်​။ 9ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်​နိုင်ငံ​ကို တစ်ခဏအတွင်း တည်ထောင်​ပြုစု​နိုင်​သည်​ဟု ငါ​မိန့်ဆို​ခဲ့​ပြီ​။ 10ငါ​မိန့်ဆို​သော​စကား​ကို​နား​မ​ထောင်​ဘဲ ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​လျှင် ကောင်းစား​စေ​မည်​ဟု​ငါ​မိန့်ဆို​ခဲ့​သည်​မှ စိတ်ပြောင်းလဲ​မည်​”​ဟု မိန့်​တော်မူ​၏​။ 11ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ခံရ​မည့် ဘေးအန္တရာယ်​ကို ပြင်ဆင်​နေ​ပြီ​။ သင်​တို့​ကို​ဆန့်ကျင်​မည့်​အကြံအစည်​ကို ကြံစည်​နေ​ပြီ​။ မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လာ​ကြ​။ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ”​ဟူ၍ မိန့်​တော်မူ​ကြောင်း ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ယခု ဆင့်ဆို​လော့​။ 12သို့သော် သူ​တို့​က “မျှော်လင့်စရာ​မ​ရှိ​။ ထို့ကြောင့် ငါ​တို့​သည် ကိုယ့်​အကြံအစည်​နောက်​သို့ ကိုယ်​လိုက်​မည်​။ ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း ပြု​မည်”​ဟု ပြောဆို​ကြ​၏​။
လမ်းလွဲသောအစ္စရေးလူမျိုး
13သို့ဖြစ်၍ ထာဝရဘုရား​က “​လူမျိုးခြား​တို့​တွင်​မေးကြည့်​လော့​။ ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ အစ္စရေး​အပျိုကညာ​သည် စက်ဆုပ်ဖွယ်​အမှု​ကို ပြု​လေ​ပြီ​။ 14လက်ဘနွန်​တောင်​နှင်းပွင့်​သည် ကျောက်တောင်စောင်း#18:14 တိုက်ရိုက်ပြန်ဆိုလျှင် “ကွင်းပြင်”။​ကို စွန့်သွား​တတ်​သလော​။ အဝေး​မှ​စီးဆင်း​လာ​သည့် အေးမြ​သော​ရေ​သည် ခန်းခြောက်#18:14 တိုက်ရိုက်ပြန်ဆိုလျှင် “နုတ်ပစ်”။​သွား​တတ်​သလော​။ 15သို့သော် ငါ​၏​လူမျိုး​သည် ငါ့​ကို​မေ့လျော့​ပြီ​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ရှေ့​၌ နံ့သာပေါင်း​ကို​မီးရှို့​ကြ​လေ​ပြီ​။ သူ​တို့​သည် ရှေးလမ်းဟောင်း​များ​တွင် ခလုတ်တိုက်​လဲကျ​ကြ​လေ​ပြီ​။ လမ်းမ မ​ဟုတ်​သော လမ်းကြား​များ​တွင် လိုက်လျှောက်​ကြ​လေ​ပြီ​။ 16သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ အစဉ်​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်​စေ​သဖြင့် ထို​ပြည်​နား ဖြတ်သန်းသွားလာ​သူ​တိုင်း အံ့ဩ​လျက် ခေါင်း​ကို​ခါယမ်း​ကြ​လိမ့်မည်​။ 17ငါ​သည် အရှေ့​လေ​ကဲ့သို့ သူ​တို့​ကို ရန်သူ​ရှေ့​တွင် ကွဲလွင့်​စေ​မည်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​၌ သူ​တို့​ကို မျက်နှာ​မ​ပြ​၊ ကျောခိုင်း​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။
ယေရမိလုပ်ကြံခံရခြင်း
18လူ​တို့​က “​လာ​ကြ​၊ ယေရမိ​ကို လုပ်ကြံ​ကြ​စို့​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​ထံမှ​လာ​သော တရားတော်​၊ ပညာရှိ​ထံမှ​လာ​သော အကြံဉာဏ်​၊ ပရောဖက်​ထံမှ​လာ​သော နှုတ်ကပတ်တော်​သည် ငါ​တို့​၌ ပျောက်ပျက်​မည်​မ​ဟုတ်​။ လာ​ကြ​၊ သူ့​ကို အပြစ်ရှာ#18:18 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာနှင့်ရိုက်”။​ကြ​စို့​။ သူ့​စကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​ကြ​၏​။ 19အို ထာဝရဘုရား​၊ အကျွန်ုပ်​တောင်းလျှောက်သံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​အား ရန်ပြု​သော​သူ​တို့​၏​စကား​ကို ကြား​တော်မူ​ပါ​။ 20အကောင်း​ကို အဆိုး​ဖြင့် တုံ့ပြန်​သင့်​ပါ​သလော​။ သို့သော် သူ​တို့​သည် အကျွန်ုပ်​အတွက် သေတွင်း​ကို​တူး​ကြ​ပါ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ရပ်​လျက် သူ​တို့​ကောင်းစား​မည့်​အကြောင်း​၊ သူ​တို့​ထံမှ အမျက်​တော်​လွှဲသွား​မည့်​အကြောင်း တောင်းလျှောက်​ပေး​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ​။ 21ထို့ကြောင့် သူ​တို့​၏​သားသမီး​များ​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​နှင့် ကြုံတွေ့​စေ​ပါ​၊ ဓား​ဖြင့်​ကျဆုံး​စေ​ပါ​။ သူ​တို့​၏​မိန်းမ​များ​ကို သားသမီး​များ​ဆုံးပါး​စေ​ပါ​၊ မုဆိုးမ​ဖြစ်​စေ​ပါ​။ ယောက်ျား​တို့​ကို သေမင်း​လက်​သို့​ရောက်​စေ​ပါ​။ လူပျို​တို့​ကို တိုက်ပွဲ​၌ ဓား​ဖြင့်​သေ​စေ​ပါ​။ 22ဓားပြ​တို့​သည် သူ​တို့​ကို ရုတ်တရက်​ဝင်ရောက်​တိုက်ခိုက်​သဖြင့် သူ​တို့​၏​အိမ်သား​များ အော်ဟစ်​ကြ​ရ​ပါစေ​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​ကို​ဖမ်းဆီး​ရန် တွင်း​ကို​တူး​ကြ​ပါ​ပြီ​။ ကျော့ကွင်း​ကို​ထောင်​ထား​ကြ​ပါ​ပြီ​။ 23အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သတ်မည့်သူ​တို့​၏​အကြံဉာဏ်​အားလုံး​ကို ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​ဒုစရိုက်​ကို ဖြေလွှတ်​တော်​မ​မူ​ပါ​နှင့်​။ သူ​တို့​၏​အပြစ်​ကို ရှေ့​တော်​မှ​ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ရှေ့​တော်​၌ သူ​တို့​လဲကျ​ကြ​ပါစေ​။ အမျက်​တော်​သင့်​ရာ​ကာလ​၌ သူ​တို့​ကို​စီရင်​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ