YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 14

14
ရှံဆုန်စကားထာဝှက်ခြင်း
1ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​၏​။ 2သူ​သည် မိဘ​ထံ ပြန်လာ​၍ “​အကျွန်ုပ်​သည် တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​ပါ​ပြီ​။ သူ့​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု ဆို​၏​။
3သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။ 4ဖိလိတ္တိ​လူမျိုး​တို့​ကို ရန်ရှာ​တိုက်ခိုက်ခွင့်​ရ​အောင် ထာဝရဘုရား​ပြု​တော်မူ​သည်​ကို သူ့​မိဘ​မ​သိ​။ ထိုစဉ်က ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​နေ​ချိန်​ဖြစ်​၏​။
5ရှံဆုန်​သည် မိဘ​တို့​နှင့်တကွ တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​စပျစ်ခြံ​များ​အနီး​သို့ ရောက်​သောအခါ ကြည့်ရှု​လော့​။ ခြင်္သေ့ပျို​တစ်​ကောင်​သည် သူ့​အား ဟိန်းဟောက်​ရန်ပြု​လေ​၏​။ 6ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​ထဲ၌​ဘာမျှ​မ​ပါ​သော်လည်း ဆိတ်သငယ်​တစ်​ကောင်​ကို​ဆွဲဖျက်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖျက်​လေ​၏​။ ထိုသို့​ပြု​ခဲ့​သည်​ကို မိဘ​တို့​အား​မ​ပြောပြ​ဘဲ​နေ​၏​။ 7ထို့နောက် ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆက်သွား​၍ မိန်းမပျို​နှင့် စကားပြော​ကြည့်​ရာ သူ့​ကို သဘောကျ​လေ​၏​။
8ရှံဆုန်​သည် အိမ်ပြန်​သွား​ပြီး​နောက်ပိုင်း ထို​ဖိလိတ္တိ​မိန်းမပျို​နှင့် လက်ထပ်​ရန် ထို​မြို့​သို့ တစ်ဖန်​ပြန်သွား​စဉ် ခြင်္သေ့​အသေကောင်​ကို ပြန်သွား​ကြည့်​ရာ ခြင်္သေ့​ကိုယ်​ထဲတွင် ပျားအုံစွဲ​၍ ပျားရည်​ရှိ​နေ​သည်​ကို တွေ့​လေ​၏​။ 9သူ​သည် ပျားရည်​ကို လက်​နှင့်​နှိုက်​စား​ပြီး ဆက်လာ​ရာ မိဘ​ရှိ​ရာ​နေရာ​ပြန်ရောက်​လာ​သောအခါ မိဘ​ကို​လည်း​ကျွေး​၏​။ သို့သော် ပျားရည်​ကို ခြင်္သေ့​အသေကောင်​ထဲမှ နှိုက်လာ​ကြောင်း​ကို မိဘ​တို့​အား မ​ပြောပြ​ချေ​။
10ရှံဆုန်​၏​ဖခင်​သည် ဖိလိတ္တိ​မိန်းမပျို​နှင့် သွားရောက်​တွေ့ဆုံ​၏​။ ရှံဆုန်​မူကား လူပျို​တို့​ဓလေ့ထုံးစံ​အတိုင်း စားသောက်ပွဲ​လုပ်​လေ​၏​။ 11ထို​အရပ်သား​တို့​က ရှံဆုန်​နှင့်​တွေ့ဆုံ​ပြီး သူ​နှင့်အတူ ပွဲခံ​ဖို့​ရန် အဖော်​အယောက်​သုံးဆယ်​ကို ခေါ်လာ​ပေး​၏​။
12ရှံဆုန်​က ထို​သူ​တို့​အား “​ယခု သင်​တို့​ကို စကားထာဝှက်​မည်​။ ပွဲခံရာ​ခုနစ်​ရက်​အတွင်း အဖြေ​ကို ရှာတွေ့​ပြီး ပြောပြ​နိုင်​လျှင် ပိတ်ချော​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို သင်​တို့​အား​ငါ​ပေး​မည်​။ 13သင်​တို့ အဖြေ​မ​ပြောပြ​နိုင်​လျှင် ပိတ်ချောထည်​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို ငါ့​အား​ပေး​ရ​မည်​”​ဟု ဆို​လေ​၏​။ ထို​သူ​တို့​က​လည်း “​သင့်​စကားထာ​ကို ပြော​ပါ​။ ငါ​တို့​နားထောင်​မည်​”​ဟု သူ့​အား​ဆို​လေ​၏​။ 14ထိုအခါ ရှံဆုန်​က “​စား​တတ်​သူ​ထဲက စားစရာ​၊ အားကြီး​သူ​ထဲက ချိုမြိန်​ခြင်း ထွက်​၏​”​ဟု စကားထာဝှက်​လေ​၏​။ သူ​တို့​သည် သုံး​ရက်​ကြာ​သည်​အထိ စကားထာ​၏​အဖြေ​ကို မ​ပြောပြ​နိုင်​ကြ​။ 15ခုနစ်​ရက်​မြောက်#14:15 အချို့မူကွဲကျမ်း၌ “လေးရက်မြောက်”။​သော​နေ့​၌ ထို​သူ​တို့​က ရှံဆုန်​၏​မယား​အား “​စကားထာ​၏​အဖြေ​ကို သင့်​ယောက်ျား​အား ချော့မော့​မေးမြန်း​လော့​။ သို့မဟုတ်လျှင် ငါ​တို့​သည် သင်​နှင့်အတူ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ကို မီး​ရှို့​ပစ်​မည်​။ သင်​တို့​သည် ငါ​တို့​ပစ္စည်း​ကို​အပိုင်ယူ​လို​သောကြောင့် ဤ​ပွဲ​သို့ ငါ​တို့​ကို ဖိတ်ခေါ်​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။
16ရှံဆုန်​၏​မယား​သည် သူ့​ရှေ့​၌​ငိုပြ​ပြီး “​သင်​သည် အကျွန်ုပ်​၏​အမျိုးသားချင်း​တို့​ကို​စကားထာဝှက်​ပြီး အကျွန်ုပ်​ကို​မူ အဖြေ​မ​ပြောပြ​။ စင်စစ် သင်​သည် အကျွန်ုပ်​ကို​မ​ချစ်​၊ အကျွန်ုပ်​ကို​မုန်း​၏​”​ဟု ဆို​၏​။ ရှံဆုန်​က​လည်း “​ငါ့​မိဘ​တို့​ကို​ပင် မ​ပြောပြ​။ သင့်​ကို​ပြောပြ​ရ​မည်လော​”​ဟု ပြန်ပြော​လေ​၏​။
17သူ​၏​မယား​သည် ပွဲ​ကျင်းပ​သည့်​ခုနစ်​ရက်​နေ့ နောက်ဆုံး​အချိန်​အထိ ခင်ပွန်း​ရှေ့​၌​ငိုပြ​၍ ပူဆာ​သောကြောင့် ထို​ခုနစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​ပြောပြ​လိုက်​လေ​၏​။ သူ​သည်​လည်း မိမိ​၏​အမျိုးသားချင်း​တို့​အား စကားထာ​အဖြေ​ကို ပြောပြ​လိုက်​လေ​၏​။ 18ထို​မြို့သား​တို့​သည်​လည်း ခုနစ်​ရက်​မြောက်​နေ့​၊ နေ​မ​ဝင်​မီ ရှံဆုန်​အား “​ပျားရည်​ထက် မည်သည့်​အရာ​က ချို​သနည်း​။ ခြင်္သေ့​ထက် မည်သည့်​အရာ​က ခွန်အားကြီး​သနည်း​”​ဟု ဆို​ကြ​၏​။ ရှံဆုန်​က​လည်း သူ​တို့​အား “​ငါ​၏​နွားမတမ်း​နှင့်​မ​ထွန်​လျှင် ငါ့​စကားထာ​၏​အဖြေ​ကို သင်​တို့​ပြောပြ​နိုင်​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။
19ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ် ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ​သည် အာရှကေလုန်​မြို့​သို့​ဆင်းသွား​၍ မြို့သား​အယောက်​သုံးဆယ်​ကို​ရိုက်သတ်​ကာ သူ​တို့​၏​အဝတ်အစား​များ​ကို​ချွတ်ယူ​ပြီး စကားထာအဖြေ​ကို ပြောပြ​နိုင်​သော​သူ​တို့​အား ပေး​လေ​၏​။ ထို့နောက် သူ​သည် အမျက်ထွက်​လျက် ဖခင်​အိမ်​သို့​ပြန်သွား​လေ​၏​။ 20ထို့ကြောင့် ရှံဆုန်​၏​မယား​ကို သူ​၏​အဖော်​နှင့်​ပေးစား​လိုက်​ရ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ