YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 13

13
နောက်ဆုံးတရားသူကြီး ရှံဆုန်မွေးဖွားခြင်း
1တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အနှစ်​လေးဆယ်​အပ်​လိုက်​တော်မူ​၏​။ 2ထိုစဉ်က ဒန်​မျိုးနွယ်စု​မှ မာနော်​အမည်​ရှိ​သော ဇောရာ​မြို့သား​တစ်ဦး​ရှိ​၏​။ သူ​၏​မယား​သည် မြုံ​သောကြောင့် သားသမီး မ​ရှိ​။ 3ထာဝရဘုရား​၏​ကောင်းကင်တမန်​က ထို​အမျိုးသမီး​အား ကိုယ်ထင်ရှားပြ​လျက် “​သင်​သည် မြုံ​သောကြောင့် သားသမီး မ​ရ​ခဲ့​သော်လည်း ယခု ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​မည်​။ 4ထို့ကြောင့် သတိပြု​လော့​။ စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​နှင့်​။ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​နှင့်​။ 5အကြောင်းမူကား သင်​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​မည်​။ သူ့​ဆံပင်​ကို သင်တုန်းဓား​နှင့် မ​ရိတ်​ရ​။ သူငယ်​သည် အမိ​ဝမ်း​ထဲမှ​စ၍ ဘုရားသခင်​အဖို့ နာဇရိလူ​ဖြစ်​မည်​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ဦးဆောင်​ကယ်တင်​လိမ့်မည်​”​ဟု ဆို​၏​။
6ထို​အမျိုးသမီး​က​လည်း မိမိ​ခင်ပွန်း​ထံ​သွား​၍ “​ဘုရားသခင်​၏​လူ​တစ်ဦး အကျွန်ုပ်​ထံ ရောက်လာ​၏​။ သူ​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​အဆင်း​ကဲ့သို့ အဆင်းသဏ္ဌာန်​ရှိ​၍ ကြောက်ရွံ့ရိုသေဖွယ်​ကောင်း​လှ​၏​။ သူ​အဘယ်က​လာ​သည်​ကို မ​မေး​မိ​။ သူ့​အမည်​ကို​လည်း သူ​မ​ပြော​။ 7သူ​က အကျွန်ုပ်​အား ‘​ကြည့်ရှု​လော့​။ သင်​သည် ကိုယ်ဝန်ဆောင်​၍​သားယောက်ျား​ကို မွေးဖွား​မည်​။ ထို့ကြောင့် စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​နှင့်​၊ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​နှင့်​။ သူ​သည် အမိ​ဝမ်း​ထဲမှ​စ၍ သေဆုံး​သည့်​နေ့​တိုင် ဘုရားသခင်​အဖို့ နာဇရိလူ​ဖြစ်​မည်​’​ဟူ၍ မိန့်ဆို​သည်​”​ဟု ပြောပြ​လေ​၏​။ 8ထိုအခါ မာနော်​က “​အို ဘုရားရှင်​၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော​ဘုရားသခင်​၏​လူ​ကို အကျွန်ုပ်​တို့​ထံ တစ်ဖန် ကြွလာ​စေ​တော်မူ​ပါ​။ မွေးဖွား​လာ​မည့်​သူငယ်​ကို အကျွန်ုပ်​တို့ မည်သို့​ပြုစု​ရ​မည်​ကို အကျွန်ုပ်​တို့​အား သင်ပြ​ပေး​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။
9ဘုရားသခင်​သည် မာနော်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​၏​။ မာနော်​၏​မိန်းမ​က ကွင်းပြင်​၌​ထိုင်​နေစဉ် ဘုရားသခင်​၏​ကောင်းကင်တမန်​သည် သူ့​ထံ နောက်တစ်ဖန်​ရောက်လာ​၏​။ ထို​အချိန်​တွင် သူ့​ခင်ပွန်း​မာနော်​သည် သူ​နှင့်အတူ မ​ရှိ​။ 10ထို​မိန်းမ​သည် ခင်ပွန်းသည်​ထံ အလျင်အမြန်​ပြေးသွား​၍ “​ယခင်​နေ့​က အကျွန်ုပ်​ထံ​ရောက်လာ​သော​သူ​သည် ယခု အကျွန်ုပ်​အား ကိုယ်ထင်ရှားပြ​ပြန်​ပြီ​”​ဟု ဆို​၏​။
11မာနော်​သည်​လည်း ထ​၍ မိမိ​မယား​နောက်သို့ လိုက်သွား​၏​။ ထို​သူ့​ထံ​ရောက်​သောအခါ “​သင်​သည် အကျွန်ုပ်​မယား​နှင့် စကားပြော​ခဲ့​သော​သူ​လော​”​ဟု မေး​ရာ ထို​သူ​က “​ဟုတ်​ပါ​၏​”​ဟု ပြန်ဖြေ​၏​။
12မာနော်​က​လည်း “​သင်​ပြော​သည့်​အတိုင်း ဖြစ်လာ​သောအခါ သူငယ်​သည် မည်သို့​ပြုမူနေထိုင်​ရ​မည်နည်း​၊ မည်သည့်​အလုပ်​ကို လုပ်​ရ​မည်နည်း​”​ဟု မေးလျှောက်​၏​။
13ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း မာနော်​အား “​ငါ​မှာထား​သော​စကား​အားလုံး​ကို သင်​၏​မယား လိုက်နာ​ရ​မည်​။ 14သူ​သည် စပျစ်ပင်​မှ​ထွက်​သော​အရာ​ဟူသမျှ​ကို မ​စား​ရ​။ စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​ရ​။ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​ရ​။ ငါ​မှာထား​သမျှ​အတိုင်း လိုက်နာ​ရ​မည်​”​ဟု ဆို​၏​။
15မာနော်​က​လည်း ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​မသွား​ပါ​နှင့်​ဦး​။ သင့်​အတွက် ဆိတ်သငယ်​တစ်​ကောင်​ကို ချက်ပြုတ်​ပြင်ဆင်​ပါ​မည်​”​ဟု လျှောက်ဆို​၏​။
16ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း မာနော်​အား “​သင် ငါ့​ကို​တား​ထား​သော်လည်း သင်​ကျွေး​သော​အစာ​ကို ငါ​စား​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​ကို ပူဇော်​လို​လျှင်​မူကား ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​”​ဟု ဆို​၏​။ ထို​သူ​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း​ကို မာနော် မ​သိ​ချေ​။ 17ထို့ကြောင့် မာနော်​က ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​သင်​ပြော​သည့်​အတိုင်း ဖြစ်လာ​သောအခါ သင့်​ကို ချီးမွမ်းထောမနာ​ပြု​ရ​မည့်​အကြောင်း သင်​၏​အမည်​ကို သိ​ပါရစေ​”​ဟု လျှောက်ဆို​၏​။
18ထာဝရဘုရား​၏​ကောင်းကင်တမန်​က သူ့​အား “​အဘယ်ကြောင့် ငါ့​အမည်​ကို မေး​သနည်း​။ ငါ့​အမည်​သည် အလွန်​အံ့ဩဖွယ်​ကောင်း​၏​”​ဟု ပြန်ပြော​၏​။
19မာနော်​က​လည်း ဆိတ်သငယ်​တစ်​ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ကျောက်​ပေါ်​တင်​၍ ထာဝရဘုရား​ထံ ပူဇော်​လေ​၏​။ မာနော်​နှင့် သူ့​မယား​တို့ ကြည့်​နေ​စဉ်မှာပင် အံ့ဩဖွယ်​အမှု​တစ်​ခု​ဖြစ်ပေါ်​လေ​၏​။ 20ယဇ်ပလ္လင်​မှ​မီးလျှံ​သည် ကောင်းကင်​သို့​တက်​နေ​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည်​လည်း ယဇ်ပလ္လင်​မှ​မီးလျှံ​နှင့်အတူ တက်သွား​၏​။ ထိုသို့​မြင်​ရ​လျှင် မာနော်​နှင့် သူ့​မယား​သည် မြေ​ပေါ်သို့ ချက်ချင်း​ပျပ်ဝပ်​လေ​၏​။ 21ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မာနော်​နှင့် သူ့​မယား​အား နောက်တစ်ဖန် ကိုယ်ထင်ရှား​မ​ပြ​တော့​ချေ​။ မာနော်​သည်​လည်း ထို​သူ​မှာ ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း သိ​လေ​၏​။
22မာနော်​က မိမိ​မယား​အား “​ငါ​တို့​သည် ဘုရားသခင်​ကို တွေ့မြင်​ရ​ပြီ​ဖြစ်၍ အမှန်ပင်​သေ​ရ​တော့​မည်​”​ဟု ဆို​၏​။
23သူ့​မယား​က​လည်း “​ထာဝရဘုရား​သည် ငါ​တို့​ကို သေ​စေ​လို​လျှင် ငါ​တို့​ပူဇော်​သော မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ငါ​တို့​အား ဤ​အဖြစ်အပျက်​များ​ကို ပြ​တော်မူ​မည်​မ​ဟုတ်​၊ ယခု​ကဲ့သို့ ငါ​တို့​ကို စကားပြော​တော်မူ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။
24ထို့နောက်မှ မာနော်​၏​မယား​သည် သားယောက်ျား​ကို မွေးဖွား​၍ သူ့​ကို ရှံဆုန်​ဟု​အမည်​မှည့်ခေါ်​၏​။ သူငယ်​သည် ကြီးပြင်း​လာ​၏​။ ထာဝရဘုရား​သည်​လည်း သူ့​ကို ကောင်းချီးပေး​တော်မူ​၏​။ 25သူ​သည် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ မဟာနေဒန်​အရပ်​၌​ရှိ​နေစဉ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို စတင်​နှိုးဆော်​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ