YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 2:1-9

ရှင်ယာကုပ်ဩဝါဒစာ 2:1-9 MSBU

ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင် သင်​တို့​သည် အချင်းချင်း​ကြား​၌ လူတန်းစား​ခွဲခြား​၍ မကောင်း​သော​တွေးတော​ကြံစည်​မှု​တို့​ဖြင့် တရား​စီရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။ ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။ သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။