YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 48:12-22

ဟေရှာယအနာဂတ္တိကျမ်း 48:12-22 MSBU

အို ယာကုပ်​အမျိုး​၊ ငါ​ခေါ်ယူ​တော်မူ​သော အစ္စရေး​လူမျိုး​၊ ငါ့​စကား​ကို နားထောင်​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​။ ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ အကယ်စင်စစ် ငါ့​လက်​ဖြင့် မြေကြီး​ကို​တည်​၏​။ ငါ့​လက်ယာ​လက်​ဖြင့် မိုးကောင်းကင်​ကို ကြက်​၏​။ ၎င်း​တို့​ကို ငါ​မိန့်​တော်မူ​လျှင် အတူတကွ​ပေါ်လာ​ကြ​၏​။ သင်​တို့​အားလုံး စုရုံး​၍ နားထောင်​ကြ​လော့​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​တို့​ကို ပြန်ပြော​ခဲ့​သနည်း​။ ထာဝရဘုရား ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​အလို​တော်​အတိုင်း ဘေဘီလုံ​မြို့​ကို​ပြု​မည်​။ သူ​၏​လက်​သည် ခါလဒဲ​လူမျိုး​ကို ဆန့်ကျင်​မည်​။ ငါ​ကိုယ်တော်တိုင် မိန့်မြွက်​ပြီ​။ အကယ်စင်စစ် သူ့​ကို ငါ​ခေါ်​ပြီ​။ သူ့​ကို ငါ​ဆောင်​ခဲ့​ပြီ​။ သူ​သွား​ရာ​လမ်း​သည် အောင်မြင်​လိမ့်မည်​။ ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​သည် ငါ​၏​ပညတ်ချက်​တို့​ကို အာရုံစိုက်​နားထောင်​ခဲ့​လျှင် သင်​၏​ကောင်းကျိုးချမ်းသာ​သည် မြစ်ရေ​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် ပင်လယ်​လှိုင်း​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​အမျိုးအနွယ်​သည် သဲပွင့်​ကဲ့သို့ များပြား​မည်​။ သင်​၏​သားမြေး​တို့​သည် သဲလုံး​ကဲ့သို့ များပြား​မည်​။ သူ​တို့​၏​အမည်​သည် ငါ့​ရှေ့မှောက်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ဖျောက်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။ သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။ ထာဝရဘုရား​က “​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။