ဟေရှာယအနာဂတ္တိကျမ်း 37
37
ဟေဇကိမင်းကြီးက ဟေရှာယအား အကြံဉာဏ်တောင်းခံခြင်း
1ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။ 2မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။ 3သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။ 4ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။ 5ဟေဇကိမင်းကြီး၏မင်းမှုထမ်းတို့သည် ဟေရှာယထံသို့ရောက်လာလျှင် 6ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။ 7ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု သူတို့အား ဆင့်ဆို၏။
သနာခရိပ်မင်းကြီးပေးပို့လာသောစာလွှာ
8အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။ 9“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍ 10“သင်တို့သည် ယုဒဘုရင်ဟေဇကိမင်းကြီးအား ဤသို့ပြောကြားလော့။ သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ‘ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု မိန့်ဆို၍ လှည့်စားသည်ကို သင်မခံနှင့်။ 11ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။ 12ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။ 13ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဟေဇကိမင်းကြီး၏ဆုတောင်းချက်
14ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူ၍ ဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။ 15ထို့နောက် ဟေဇကိမင်းကြီးက ထာဝရဘုရားထံတော်သို့ 16“ခေရုဗိမ်#37:16 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ 17အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းကြီး ပေးပို့လိုက်သည့် အသက်ရှင်တော်မူသောဘုရားသခင်အား စော်ကားပြောဆိုသောစကားအလုံးစုံကို နားထောင်တော်မူပါ။ 18အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်ကို ဖျက်ဆီးပါပြီ။ 19သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သား၊ ကျောက်များသာဖြစ်သောကြောင့် ပျက်စီးကြလေပြီ။ 20အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ဟေဇကိမင်းကြီး၏ဆုတောင်းသံကိုနားညောင်းတော်မူခြင်း
21အာမုတ်၏သားဟေရှာယသည်လည်း ဟေဇကိမင်းကြီးထံသို့လူလွှတ်၍ “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် အဆီးရီးယားဘုရင်သနာခရိပ်နှင့်ပတ်သက်၍ ငါ့ထံဆုတောင်းသောကြောင့် 22ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။ 23သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။ 24သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။ 25ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။ 26ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည်ကို ရှေးယခင်ကပင် ငါစီမံထား၍ ယခု ငါဖြစ်စေပြီ။ 27ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသော တောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင်ကဲ့သို့ ဖြစ်ကြပြီ။ 28သင်၏နေထိုင်သွားလာခြင်း၊ ငါ့အပေါ် အမျက်ထွက်ခြင်းတို့ကို ငါသိ၏။ 29သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
30သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။ 31အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။ 32ကြွင်းကျန်သောသူတို့သည် ဂျေရုဆလင်မြို့မှလည်းကောင်း၊ လွတ်မြောက်သောသူတို့သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ထွက်ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကိုပြုတော်မူမည်။ 33ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ထိုအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။ 34ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။ 35အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
သနာခရိပ်မင်းကြီးရှုံးနိမ့်ပြီး အနိစ္စရောက်ရခြင်း
36ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။ 37ထိုအခါ အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် တပ်စခန်းသိမ်း၍လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
38သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 37: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative