YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 35

35
ဖမ်းခေါ်သွားခြင်းခံရသူတို့ ဇိအုန်မြို့သို့ပြန်လာခွင့်ရခြင်း
1တောကန္တာရ​နှင့်​ခြောက်သွေ့​သော​အရပ်​သည် ရွှင်မြူး​ကြ​လိမ့်မည်​။ သဲကန္တာရ​သည် ရွှင်လန်း​၍ နှင်းဆီပန်း​ကဲ့သို့ ဖူးပွင့်​လိမ့်မည်​။ 2ဝေဝေဆာဆာ​ဖူးပွင့်​၍ ဝမ်းမြောက်​ပျော်ရွှင်​စွာ သီချင်းဆို​လိမ့်မည်​။ လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​၊ ကရမေလ​တောင်​နှင့် ရှာရုန်​လွင်ပြင်​တို့​၏​ခန့်ညားထည်ဝါမှု​ကို ရရှိ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​၊ ငါ​တို့​ဘုရားသခင်​၏​ခန့်ညားထည်ဝါမှု​ကို မြင်​ရ​လိမ့်မည်​။ 3အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။ 4စိတ်အားငယ်​သော​သူ​တို့​အား “​အားယူ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ ကြည့်ရှု​လော့​။ သင်​တို့​၏​ဘုရားသခင်​သည် လက်စားချေ​ရန် ကြွလာ​မည်​။ အကျိုးအပြစ်​ပေး​ရန် ကြွလာ​မည်​။ ဘုရားသခင်​ကိုယ်တော်တိုင်​ကြွလာ​၍ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​”​ဟု ဆို​ကြ​လော့​။ 5ထိုအခါ မျက်မမြင်​သူ​တို့​သည် မျက်စိ​မြင်​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​သည် နား​ကြား​ကြ​လိမ့်မည်​။ 6ခြေမသန်သူ​တို့​သည် သမင်​ကဲ့သို့​ခုန်ပေါက်​ကြ​လိမ့်မည်​။ ဆွံ့အ​သော​လျှာ​သည် ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်​။ တောကန္တာရ​၌​ရေ​ပန်းထွက်​၍ သဲကန္တာရ​၌​စမ်းချောင်း​စီး​လိမ့်မည်​။ 7ခြစ်ခြစ်တောက်​ပူ​သော​သဲမြေ​သည် ရေအိုင်​ဖြစ်​လိမ့်မည်​။ ခြောက်ကပ်​သော​မြေ​သည် စမ်းရေတွင်း​ဖြစ်​လိမ့်မည်​။ ခွေးအ​တို့​ကျက်စား​ရာ​နေရာ​၊ လဲလျောင်း​ရာ​နေရာ​၌ မြက်ပင်​နှင့်အတူ ကျူပင်​နှင့်​ကျူပင်ကြီး​တို့ ပေါက်​လိမ့်မည်​။ 8ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။ 9ထို​လမ်း​၌ ခြင်္သေ့​မ​ရှိ​။ ကြမ်းကြုတ်​သော တောရိုင်းတိရစ္ဆာန် တစ်​ကောင်​မျှ ထို​လမ်း​ပေါ်သို့ မ​တက်လာ​။ မည်သည့်​တိရစ္ဆာန်​ကို​မျှ မ​တွေ့​ရ​။ ရွေးနုတ်​ခံရ​သော​သူ​တို့​သာ ထို​လမ်း​၌ သွားလာ​ကြ​လိမ့်မည်​။ 10ထာဝရဘုရား ရွေးနုတ်ကယ်တင်​တော်မူ​သော​သူ​တို့​သည် ပြန်လာ​ကြ​မည်​။ သီချင်းဆို​လျက် ဇိအုန်​မြို့​ထဲသို့ ဝင်လာ​ကြ​မည်​။ သူ​တို့​၏​ခေါင်း​ပေါ်၌ ဝမ်းမြောက်​ခြင်း​သရဖူ​ကို အစဉ်အမြဲ​ဆောင်း​ကြ​ရ​မည်​။ ဝမ်းနည်း​ခြင်း​၊ ညည်းတွား​ခြင်း​သည် ထွက်ပြေး​သွား​၍ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​ကို ရရှိ​ကြ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။