YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 34

34
လူမျိုးတကာတို့ကို စီရင်တော်မူခြင်း
1အို တိုင်းနိုင်ငံ​တို့​၊ ချဉ်းကပ်​၍ နားထောင်​ကြ​လော့​။ အို လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ မြေကြီး​နှင့် မြေကြီး​ပေါ်​ရှိသမျှ​တို့ ကြား​ကြ​ပါစေ​။ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​ထဲ၌ ရှိသမျှ​တို့​ကြား​ကြ​ပါစေ​။ 2အကယ်စင်စစ် ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​၍ အမျက်​တော်​သည် သူ​တို့​၏​စစ်သည်ဗိုလ်ပါ​အားလုံး​အပေါ် သက်ရောက်​လေ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ သူ​တို့​ကို သတ်ဖြတ်​သူ​လက်​သို့ အပ်​တော်မူ​မည်​။ 3သူ​တို့​ထဲမှ အသတ်ခံရ​သူ​တို့​ကို အပြင်​သို့​ပစ်​လိုက်​၍ သူ​တို့​အလောင်း​များ​မှ အပုပ်နံ့​များ​ထွက်လာ​မည်​။ တောင်​များ​ပေါ်၌ သွေးချောင်း​စီး​မည်​။ 4ကောင်းကင်​တန်ဆာ​တို့​သည် ပျက်စီးပျောက်ကွယ်​သွား​၍ ကောင်းကင်​သည် စာလိပ်​ကဲ့သို့​လိပ်​သွား​မည်​။ ကောင်းကင်တန်ဆာ​တို့​သည် စပျစ်ပင်​မှ အရွက်​ကြွေကျ​သကဲ့သို့​၊ သဖန်းပင်​မှ အရွက်​ကြွေကျ​သကဲ့သို့ ကြွေကျ​ကြ​လိမ့်မည်​။
ဧဒုံပြည်ကို စီရင်တော်မူခြင်း
5ကောင်းကင်​၌ ငါ့​ဓား​သည် ကျေနပ်အားရ​စွာ​စီရင်​ပြီးမှ ကြည့်ရှု​လော့​။ ဧဒုံ​ပြည်​အပေါ်​၊ ငါ​ကျိန်​သော​လူမျိုး​အပေါ် တရားစီရင်​ရန်​ဆင်းလာ​မည်​။ 6ထာဝရဘုရား​၏​ဓား​တော်​သည် သွေး​နှင့်​ဝ​ပြီ​၊ အဆီ​နှင့်​အီ​ပြီ​။ သိုးသငယ်​နှင့်​ဆိတ်ထီး​တို့​၏​သွေး​၊ သိုးထီး​တို့​၏​ကျောက်ကပ်​အဆီ​တို့​နှင့် ဝအီ​လေ​ပြီ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဗောဇရ​မြို့​၌ ယဇ်ပူဇော်ပွဲ​၊ ဧဒုံ​ပြည်​၌ ကြီးမား​သော​သားသတ်ပွဲ ကျင်းပ​တော်မူ​ပြီ​။ 7နွားရိုင်း​တို့​သည် ပြည်သား​တို့​နှင့်အတူ​၊ နွားထီးပျို​တို့​သည် နွားလား​တို့​နှင့်အတူ လဲကျ​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​သည် သွေး​နှင့်​ဝ​၍ သူ​တို့​၏​မြေမှုန့်​သည် အဆီ​နှင့်​အီ​လိမ့်မည်​။ 8ထာဝရဘုရား​၌ လက်စားချေ​ရာ​နေ့​၊ ဇိအုန်​မြို့​ကို ရန်ပြု​သော​သူ​ကို ဒဏ်ပေး​သော​နှစ် ရှိ​၏​။ 9ဧဒုံ​ပြည်​၏​ချောင်း​တို့​သည် ကတ္တရာစေး​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​၊ မြေမှုန့်​သည် ကန့်​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​။ ထို​ပြည်​သည် လောင်ကျွမ်း​နေ​သော​ကတ္တရာစေး ဖြစ်​သွား​လိမ့်မည်​။ 10နေ့ညမပြတ် မီးငြိမ်း​လိမ့်မည်​မ​ဟုတ်​။ မီးခိုး​သည် အစဉ်အမြဲ​တက်​လိမ့်မည်​။ ထို​ပြည်​သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​။ ထို​ပြည်​ကို ကာလ​အစဉ်အဆက် မည်သူ​မျှ ဖြတ်သန်းသွားလာ​လိမ့်မည်​မ​ဟုတ်​။#ဗျာ 14:11။ 11ငှက်ကြီးဝန်ပို​၊ ဖြူကောင်​တို့​သည် ထို​ပြည်​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။ ဒီးဒုတ်​၊ ကျီးကန်း​တို့​သည် ထို​ပြည်​၌​နေ​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​ပြည်​ကို လဟာ​မျဉ်းကြိုး​၊ ဗလာနတ္တိ​ချိန်ထုပ်​တို့​ဖြင့် တန်း​တော်မူ​လိမ့်မည်​။ 12နိုင်ငံ​တော်​ဟု ခေါ်​ရ​လောက်အောင် ထို​ပြည်​၌ မှူးမတ်​မ​ရှိ​၊ ဘာမျှ​မ​ရှိ​။ ထို​ပြည်​၏​အကြီးအကဲ​အပေါင်း​တို့​သည် အရာရောက်​တော့​မည်​မ​ဟုတ်​။ 13ထို​ပြည်​၏​ခံတပ်​များ​၌ ဆူးပင်​များ​ပေါက်​လိမ့်မည်​။ ရဲတိုက်​များ​၌ ဖက်ယားပင်​၊ ဆူးချုံရိုင်း​များ ပေါက်​လိမ့်မည်​။ ထို​ပြည်​သည် ခွေးအ​တို့​ကျက်စား​ရာ​၊ ငှက်ကုလားအုတ်#34:13 သို့မဟုတ် “ဇီးကွက်”။​တို့​နေထိုင်​ရာ ဖြစ်​လိမ့်မည်​။ 14ထို​အရပ်​၌ ကန္တာရ​သတ္တဝါ​နှင့် တောခွေး​တို့ ဆုံ​ကြ​လိမ့်မည်​။ တောဆိတ်​တို့​သည် တစ်​ကောင်​နှင့်​တစ်​ကောင် အသံ​ပေး​ကြ​လိမ့်မည်​။ ငှက်ဆိုး#34:14 “ညအချိန်ထွက်တတ်သောမကောင်းဆိုးဝါး”ဟု ထင်ရသည်။​သည် လာနား​လိမ့်မည်​။ နားခို​ရာ​ကို တွေ့ရှိ​လိမ့်မည်​။ 15ထို​အရပ်​၌ ဇီးကွက်​ကြီး​သည် အသိုက်​လုပ်​၍ ဥ​လိမ့်မည်​။ ဥ​ပေါက်​သောအခါ မိမိ​အတောင်​အောက်​၌ စုစည်း​ထား​လိမ့်မည်​။ သိမ်းငှက်​တို့​သည်​လည်း ထို​အရပ်​၌ ဖိုမ​အစုံအစုံ စုရုံး​ကြ​လိမ့်မည်​။ 16ထာဝရဘုရား​၏​ကျမ်းစာလိပ်​ထဲ၌ ရှာဖွေ​ဖတ်ရှု​ကြ​။ ထို​အကောင်​တို့​သည် တစ်​ကောင်​မျှ​မ​ပျောက်​။ ဖိုမ​အစုံအစုံ ရှိ​ကြ​လိမ့်မည်​။ ထိုသို့ နှုတ်​တော်​ထွက်​ရှိ​နှင့်​ပြီ​။ ဝိညာဉ်​တော်​သည် ထို​အကောင်​တို့​ကို စုရုံး​စေ​တော်မူ​ပြီ​။ 17ထို​အကောင်​တို့​အတွက် နေရာ​ချ​ပေး​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်​တော်​သည် မျဉ်းကြိုး​တန်း​၍ နေရာ​ခွဲဝေ​ပေး​တော်မူ​ပြီ​။ ထို​အကောင်​တို့​သည် ထို​ပြည်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​၍ မျိုးဆက်အဆက်ဆက် နေထိုင်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 34: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။