YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 31

31
ထာဝရဘုရားတစ်ပါးတည်းသာ မစနိုင်သောအရှင်
1အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ကို မ​မျှော်ကြည့်​၊ ထာဝရဘုရား​ကို မ​ရှာ​ဘဲ အီဂျစ်​ပြည်​၏​မြင်း​များ​၊ များစွာ​သော​စစ်ရထား​၊ အလွန်​အားကြီး​သော​မြင်းစီးသူရဲ​တို့​ကို ကိုးစား​မှီဝဲ​ပြီး အီဂျစ်​ပြည်​သို့​သွား​၍ အကူအညီ​တောင်း​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 2ကိုယ်တော်​သည် ဉာဏ်ပညာ​ရှိ​တော်မူ​၏​။ ဘေးအန္တရာယ်​ကို ကျရောက်​စေ​မည်​။ စကား​တော်​ကို မ​ရုပ်သိမ်း​ဘဲ ဆိုးညစ်​သော​အမျိုး​ကို ဆန့်ကျင်​ရန် ထ​တော်မူ​မည်​။ အပြစ်ဒုစရိုက်​ပြု​သူ​တို့​အား ကူညီ​သူ​ကို ဆန့်ကျင်​ရန် ထ​တော်မူ​မည်​။ 3အီဂျစ်​ပြည်သား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ​မျှသာ​ဖြစ်​၏​။ သူ​တို့​၏​မြင်း​သည်​လည်း ဝိညာဉ်​မ​ဟုတ်​၊ အသွေးအသား​မျှသာ​ဖြစ်​၏​။ ထာဝရဘုရား လက်​တော်​ကို​ဆန့်​သောအခါ ကူညီ​သော​သူ​သည် ခလုတ်တိုက်​၍ အကူညီ​ခံရ​သူ​သည် လဲကျ​လိမ့်မည်​။ သူ​တို့​အားလုံး​သည် အတူတကွ​ပျက်စီး​ကြ​လိမ့်မည်​။ 4ထာဝရဘုရား​က “​ခြင်္သေ့ကြီး​နှင့် ခြင်္သေ့ပျို​က သားကောင်​ကို မာန်ဖီ​သောအခါ သိုးထိန်း​အပေါင်း​တို့​ကို​ခေါ်​၍ ခြောက်လှန့်​စေ​သော်လည်း သိုးထိန်း​တို့​၏​အသံ​ကို​မ​ကြောက်​၊ သူ​တို့​၏​ဆူဆူညံညံအသံ​ကို မ​လန့်​။ ထိုနည်းတူ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်တိုက်​ရန် ဇိအုန်​တောင်​၊ ဇိအုန်​တောင်ကုန်း​ပေါ်၌​ဆင်းသက်​တော်မူ​မည်​။ 5ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို ကာကွယ်​တော်မူ​မည်​။ ရစ်ဝဲ​နေ​သော​ငှက်​ကဲ့သို့ ကာကွယ်​၍ ကယ်နုတ်​တော်မူ​မည်​။ ချမ်းသာ​ပေး​၍ လွတ်မြောက်​စေ​တော်မူ​မည်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။
6အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့ ပြင်းပြင်းထန်ထန်​ဆန့်ကျင်​ပုန်ကန်​ခဲ့​သော အရှင်​ထံသို့ ပြန်လာ​ကြ​လော့​။ 7ထို​နေ့ရက်​၌ သင်​တို့​လက်​ဖြင့်​လုပ်​သော​၊ သင်​တို့​ကို​အပြစ်​ဖြစ်​စေ​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​များ​ကို လူ​တိုင်း စွန့်ပစ်​ကြ​လိမ့်မည်​။ 8“​အဆီးရီးယား​သည် လူ့​ဓား​မ​ဟုတ်​သော​ဓား​ဖြင့် ကျဆုံး​လိမ့်မည်​။ လူ့​ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဝါးမျို​မည်​။ သူ​သည် ဓားဘေး​မှ​ထွက်ပြေး​ရ​မည်​။ သူ​၏​လူပျို​တို့​သည် အခိုင်းအစေ​ဖြစ်​ကြ​ရ​မည်​။ 9သူ​၏​ကျောက်​သည် ကြောက်လန့်​၍ ပျောက်ကွယ်​သွား​လိမ့်မည်​။ သူ​၏​အကြီးအကဲ​တို့​သည် အချက်ပြအလံ​ကြောင့် စိတ်ပျက်​ကြ​လိမ့်မည်​”​ဟု ဇိအုန်​တောင်​ပေါ်တွင်​မီး​၊ ဂျေရုဆလင်​မြို့​တွင် မီးဖို​တည်​တော်မူ​သော ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 31: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ