YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 30

30
အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့ခြင်းကို ပြစ်တင်တော်မူခြင်း
1ထာဝရဘုရား​က “​ဆန့်ကျင်ပုန်ကန်​သော​သားသမီး​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ငါ့​အကြံအစည်​မ​ဟုတ်​သော အကြံအစည်​ကို​ကြံစည်​ကြ​၏​။ ငါ​၏​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​ဘဲ သူ​တို့​သဘော​အတိုင်း မဟာမိတ်​ဖွဲ့​ကြ​၏​။ ဤသို့ဖြင့် အပြစ်​တစ်​ခု​ပြီး​တစ်​ခု​ထပ်ဆင့်​ပြု​ကြ​၏​။ 2ငါ​၏​ဗျာဒိတ်​တော်​ကို​မ​မေးမြန်း​ဘဲ ဖာရော​မင်းကြီး​၏​အကာအကွယ်​အောက်​၌ နားခို​ရာ​ကို​ရှာ​ပြီး အီဂျစ်​ပြည်​၏​အရိပ်​ကို​ခိုလှုံ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။ 3သို့သော် ဖာရော​မင်းကြီး​၏​အကာအကွယ်​သည် သင်​တို့​အတွက် အရှက်ကွဲစရာ​ဖြစ်ပြီး အီဂျစ်​ပြည်​၏​အရိပ်​ကို​ခိုလှုံ​ခြင်း​သည် သင်​တို့​အတွက် အသရေပျက်စရာ​ဖြစ်​လိမ့်မည်​။ 4သူ​၏​အကြီးအကဲ​တို့​သည် ဇောန​မြို့​၌​ရှိ​၍ သူ​၏​သံတမန်​တို့​သည် ဟာနက်​မြို့​သို့​ရောက်​ကြ​ပြီ​။ 5သူ​တို့​ကို​အကျိုး​မ​ပြု​သော​လူမျိုး​ကြောင့် အားလုံး​အရှက်ကွဲ​ကြ​ရ​၏​။ ထို​လူမျိုး​သည် သူ​တို့​အတွက် အထောက်အကူ​မ​ဖြစ် အကျိုး​မ​ပြု​ဘဲ အရှက်ကွဲစရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​သာ​ဖြစ်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။ 6နေဂေ့​အရပ်​ရှိ တိရစ္ဆာန်​များ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​ကား သူ​တို့​သည် မိမိ​တို့​ဥစ္စာပစ္စည်း​များ​ကို မြည်း​တို့​၏​ကျော​ပေါ်​၊ မိမိ​တို့​၏​ဥစ္စာဘဏ္ဍာ​များ​ကို ကုလားအုတ်​တို့​၏​ဘို့​ပေါ်​တင်​၍ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​၊ ခြင်္သေ့မ​နှင့်​ခြင်္သေ့ပျို​၊ အဆိပ်ပြင်း​သော​မြွေပွေး​နှင့် ပျံသန်း​တတ်​သော​မီးမြွေ​ရှိ​ရာ​အရပ်​ကို ဖြတ်သန်း​ပြီး အကျိုး​မ​ပြု​သော​လူမျိုး​ထံ သယ်ဆောင်​သွား​ကြ​၏​။ 7အီဂျစ်​ပြည်​၏​အကူအညီ​သည် အချည်းနှီး​သက်သက်​ဖြစ်​၏​။ ထို့ကြောင့် ထို​ပြည်​ကို ရာဟပ်ဟိမ်ရှာဗက်#30:7 “တုတ်တုတ်မျှမလှုပ်သောရာဟပ်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု ငါ​ခေါ်ဝေါ်​၏​။ 8နောင်လာမည့်​ကာလ​အတွက် ထာဝရ​သက်သေ​ဖြစ်​စေရန် ယခု သွား​၍ သူ​တို့​ရှေ့​၌ ထို​စာ​ကို ကျောက်ပြား​ပေါ်တွင် အက္ခရာတင်​ထား​လော့​။ စာလိပ်​တွင် ရေးမှတ်​ထား​လော့​။ 9အကြောင်းမူကား သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​၊ လိမ်ညာ​တတ်​သော​သားသမီး​များ​၊ ထာဝရဘုရား​၏​ပညတ်တရား​ကို မ​နာခံ​လို​သော သားသမီး​များ ဖြစ်​ကြ​၏​။ 10သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။ 11ဤ​လမ်း​မှ ထွက်သွား​ကြ​ပါ​။ ဤ​လမ်း​မှ ရှောင်သွား​ကြ​ပါ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ငါ​တို့​ရှေ့​မှ ကွယ်ပျောက်​စေ​ကြ​ပါ​”​ဟု ဆို​တတ်​ကြ​၏​။ 12ထို့ကြောင့် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ဤ​နှုတ်ကပတ်တော်​ကို​ပယ်​၍ ဖိနှိပ်ချုပ်ချယ်​သူ​၊ သွေဖည်လွဲမှား​သူ​တို့​ကို ကိုးစား​မှီဝဲ​ကြ​၏​။ 13ဤ​ဒုစရိုက်​သည် ဖောင်းကြွ​လာ​၍ ပြိုလဲ​တော့​မည့် မြင့်မား​သော​မြို့ရိုး​ပေါ်က အက်ကွဲ​ရာ​ကဲ့သို့​ဖြစ်​၍ ရုတ်ခြည်း​ကျိုးပဲ့​သွား​လိမ့်မည်​။ 14အိုးထိန်းသည်​သည် အိုး​ကို​မ​နှမြော​ဘဲ ခွဲ​လိုက်​သဖြင့် အကျိုးအပဲ့​များ​ကြား​တွင် မီးဖို​ထဲမှ​မီး​ကို​ကော်ယူ​၍​ရ​လောက်​သော​၊ ရေတိုင်ကီ​ထဲမှ​ရေ​ကို​ခပ်ယူ​၍​ရ​လောက်​သော အိုးခြမ်းပဲ့​တစ်​ခု​မျှ​မ​တွေ့​ရ​သည်​အထိ ကွဲကြေ​သွား​သော​အိုး​ကဲ့သို့ ကျိုးပဲ့​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 15အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဘုရားရှင်​ထာဝရဘုရား​က “​သင်​တို့​သည် နောင်တရ#30:15 တိုက်ရိုက်ပြန်ဆိုလျှင် “ပြန်လှည့်လာ”။​၍ ငြိမ်းချမ်း​စွာ​နေ​လျှင် ကယ်တင်​ခြင်း​ခံရ​မည်​။ ငြိမ်ဝပ်​ခြင်း​သည် သင်​တို့​၏​ခွန်အား​၊ ယုံကြည်​ခြင်း​သည် သင်​တို့​၏​ခွန်အား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ သို့သော် သင်​တို့​သည် ထိုသို့ အလို​မ​ရှိ​ကြ​။ 16သင်​တို့​က “​ငါ​တို့​သည် ထိုသို့​မ​နေ​၊ မြင်း​စီး​၍​ထွက်ပြေး​မည်​”​ဟု ဆို​သောကြောင့် သင်​တို့​ထွက်ပြေး​ရ​လိမ့်မည်​။ “​ငါ​တို့​သည် အပြေးမြန်​သော​မြင်း​ကို​စီးသွား​မည်​”​ဟု ဆို​သောကြောင့် သင်​တို့​ကို​လိုက်​သော​သူ​တို့​သည် အလျင်အမြန်​လိုက်​လိမ့်မည်​။ 17ခြိမ်းခြောက်​သူ​တစ်​ယောက်​၏​ရှေ့​တွင် လူ​တစ်​ထောင်​ပြေး​ရ​လိမ့်မည်​။ တောင်​ထိပ်​ပေါ်မှ​အလံတိုင်​ကဲ့သို့​၊ တောင်ကုန်း​ပေါ်မှ အချက်ပြအလံ​ကဲ့သို့ ကျန်ရစ်​ရ​သည့်​တိုင်အောင် ခြိမ်းခြောက်​သူ​ငါး​ယောက်​ရှေ့​တွင် သင်​တို့​ထွက်ပြေး​ရ​လိမ့်မည်​။
လူမျိုးတော်အားကရုဏာပြတော်မူခြင်း
18ထို့ကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကျေးဇူးပြု​တော်မူ​ရန် စောင့်မျှော်​နေ​၏​။ သင်​တို့​ကို ကရုဏာ​ပြ​တော်မူ​ရန် ထ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတ​သော​ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​ကို စောင့်မျှော်​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​၏​။ 19ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော အို ဇိအုန်​မြို့သား​တို့​၊ သင်​တို့ ငိုကြွေး​ရ​တော့​မည်​မ​ဟုတ်​။ ကိုယ်တော်​သည် သင်​တို့​အော်ဟစ်​သောအခါ သင်​တို့​ကို အမှန်ပင်​သနား​တော်မူ​မည်​။ သင်​တို့​အော်ဟစ်​သံ​ကို ကြား​သောအခါ ထူး​တော်မူ​မည်​။ 20ဘုရားရှင်​သည် သင်​တို့​အား ဒုက္ခ​မုန့်​၊ ဖိနှိပ်ခြင်း​ရေ​ကို ပေး​တော်မူ​သော်လည်း သင်​တို့​၏​ဆရာ​တို့​သည် ပုန်းရှောင်​ကြ​ရ​တော့​မည်​မ​ဟုတ်​။ သင်​တို့​၏​ဆရာ​တို့​ကို သင်​တို့​မျက်စိ​ဖြင့် မြင်​ကြ​ရ​မည်​။ 21သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။ 22သင်​တို့​သည် ငွေ​ဖြင့်​မွမ်းမံ​သော​ရုပ်တု​၊ ရွှေ​ဖြင့်​သွန်းလုပ်​သော​ရုပ်တု​တို့​ကို ညစ်ညူး​သည်​ဟု​မှတ်​လျက် ရာသီသွေး​စွန်း​သော​အဝတ်​ကဲ့သို့ လွှင့်ပစ်​၍ “​သွား​တော့​”​ဟု ဆို​လိမ့်မည်​။ 23ကိုယ်တော်​သည် မြေ​၌​သင်​ကြဲ​သော​မျိုးစေ့​အတွက် မိုး​ကို​ရွာ​စေ​တော်မူ​သဖြင့် မြေ​မှ​ထွက်​သော​အစားအစာ​သည် ပေါများ​ကြွယ်ဝ​မည်​။ ထို​နေ့ရက်​တွင် သင်​၏​တိရစ္ဆာန်​တို့​သည် ကျယ်ပြန့်​သော​မြက်ခင်းပြင်​၌ ကျက်စား​ကြ​မည်​။ 24လယ်မြေ​ထွန်ယက်​သော​နွား​၊ မြည်း​တို့​သည်​လည်း ဂေါ်ပြား​၊ ကောက်ဆွ​တို့​ဖြင့် ရွေးထုတ်​ထား​သည့် သန့်စင်​သော​အစာ​ကို စား​ရ​ကြ​မည်​။ 25သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။ 26ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပတ်စည်း​ပေး​၍ မိမိ​ဒဏ်ခတ်​တော်မူ​သည့်​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​သော​နေ့ရက်​၌ လ​၏​အလင်း​သည် နေ​၏​အလင်း​ကဲ့သို့​ဖြစ်​မည်​။ နေ​၏​အလင်း​သည် ခုနစ်ဆ​တိုး​၍ ခုနစ်​ရက်​အလင်း​ကဲ့သို့ လင်း​မည်​။
အဆီးရီးယားပြည်ကို အပြင်းအထန်ဒဏ်ခတ်တော်မူခြင်း
27ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နာမ​တော်​သည် တောက်လောင်​နေ​သော​အမျက်​တော်​၊ ထူထပ်​သည့်​မီးခိုးလုံး​တို့​ဖြင့် ဝေးလံ​သော​အရပ်​မှ​လာ​၏​။ ကိုယ်တော်​၏​နှုတ်​သည် အမျက်ဒေါသ​နှင့်​ပြည့်​၏​။ ကိုယ်တော်​၏​လျှာ​သည် တောက်လောင်​နေ​သော​မီး​ကဲ့သို့​ဖြစ်​၏​။ 28ကိုယ်တော်​၏​ထွက်သက်လေ​သည် လည်ပင်း​အထိ​ရောက်​သည့် တစ်ဟုန်ထိုးစီးဆင်း​သော​မြစ်ရေ​ကဲ့သို့​ဖြစ်​၏​။ တိုင်းနိုင်ငံ​တို့​ကို ဖျက်ဆီး​ခြင်း​ဆန်ခါ​ဖြင့် စစ်ချ​မည်​။ လမ်းလွဲ​စေ​သော​ဇက်ကြိုး​ကို လူ​တို့​၏​မေးရိုး​၌ တပ်​ထား​မည်​။ 29သင်​တို့​သည် သန့်ရှင်း​သော​ပွဲတော်​ကျင်းပ​သည့်​ည​၌​ကဲ့သို့ သီချင်းဆို​ရ​မည်​။ အစ္စရေး​လူမျိုး​တို့​၏​ကျောက်ဆောင်​ဖြစ်​သော ထာဝရဘုရား​၏​တောင်​သို့ ပလွေ​မှုတ်​လျက်​သွား​သော​သူ​ကဲ့သို့ စိတ်နှလုံး​ဝမ်းမြောက်​ခြင်း​ရှိ​မည်​။ 30ထာဝရဘုရား​သည် မိမိ​၏​ဘုန်းကြီး​သော​အသံ​ကို ကြား​စေ​တော်မူ​မည်​။ ပြင်းထန်​သော​အမျက်​တော်​၊ တောက်လောင်​နေ​သော​မီးတောက်​မီးလျှံ​နှင့်တကွ သည်းထန်​သော​မိုး​၊ မုန်တိုင်း​၊ မိုးသီး​တို့​ဖြင့် လက်ရုံး​တော်​ကြွဆင်း​လာ​သည်​ကို မြင်​စေ​တော်မူ​မည်​။ 31အကယ်စင်စစ် အဆီးရီးယား​ပြည်​သည် ထာဝရဘုရား​၏​အသံ​တော်​ကြောင့် ကြောက်လန့်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​ကို ကြိမ်လုံး​တော်​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။ 32ထာဝရဘုရား​က သူ​တို့​ကို အပြစ်ဒဏ်​ပေး​သည့် တုတ်​တော်​၏​ရိုက်ချက်​တိုင်း​မှာ ပတ်သာ​နှင့် စောင်း​သံ​တို့ ထွက်ပေါ်​လိမ့်မည်​။ ကိုယ်တော်​သည် လက်​ကို​ဝှေ့ယမ်း​လျက် သူ​တို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​တော်မူ​မည်​။ 33အကယ်စင်စစ် တောဖက်#30:33 “မီးသင်္ဂြိုဟ်ရာ”ဟူသောအဓိပ္ပာယ်ရှိ၏။​အရပ်​ကို ရှေးယခင်​ကပင် ပြင်ဆင်​ထား​လေ​ပြီ​။ ထို​အရပ်​ကို ရှင်ဘုရင်​အတွက် အဆင်သင့်​ဖြစ်စေ​ပြီ​။ ထို​အရပ်​သည် နက်​၍​ကျယ်ဝန်း​ပြီး မီးရှို့​ရန်​ထင်း​အမြောက်အမြား​ပုံထား​၏​။ ထာဝရဘုရား​၏​ထွက်သက်လေ​သည် ကန့်ရည်စီးကြောင်း​ကဲ့သို့​ထွက်လာ​၍ ထို​အရပ်​ကို မီးစွဲလောင်​စေ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ