YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 1

1
1ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး လက်ထက်​၌ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်နိမိတ်​။
ယုဒလူမျိုးတို့ကို စစ်ကြောစီရင်ခြင်း
2အို ကောင်းကင်​၊ နားထောင်​လော့​။ အို မြေကြီး​၊ စူးစိုက်​နားထောင်​လော့​။ ထာဝရဘုရား​က “​ငါ​သည် သားသမီး​တို့#1:2 သို့မဟုတ် “သားတို့”။​ကို ကျွေးမွေး​ပြုစု​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်ပုန်ကန်​ကြ​ပြီ​။ 3နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။ 4အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။ 5သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။ 6ဦးခေါင်း​မှ ခြေဖျား​တိုင်အောင် အနာနှင့်ကင်း​သည်​ဟူ၍ မ​ရှိ​။ ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​၊ သွေးစိမ်းထွက်​သော​အနာ​တို့​ဖြင့်​သာ​ပြည့်​နေ​၏​။ အနာ​ကို​မ​ဆေးကြော​၊ မ​ပတ်စည်း​၊ ဆီ​နှင့်​မ​လူး​ကြ​ပါ​တကား​။ 7သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။ 8ဇိအုန်​သမီး​သည် စပျစ်ခြံ​ထဲက တဲ​ကဲ့သို့​၊ သခွားခင်း​ထဲက ယာတဲ​ကဲ့သို့​၊ ရန်သူဝိုင်း​ထား​သော​မြို့​ကဲ့သို့ ကျန်ရစ်​ခဲ့​လေ​၏​။ 9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​တွင် အသက်ရှင်​ကျန်ရစ်​သူ​အနည်းငယ်​ကို​မျှ ချန်ထား​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်၍ ဂေါမောရ​မြို့​နှင့်​တူ​ပေ​လိမ့်မည်​။#ရော 9:29။ 10သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။ 11ထာဝရဘုရား​က “​သင်​တို့​၏​များစွာ​သော​ယဇ်​တို့​သည် ငါ့​အတွက်​မည်သည့်​အကျိုး​ရှိ​သနည်း​။ မီးရှို့​ပူဇော်​သော​သိုးထီး​၊ ဆူဖြိုး​သော​တိရစ္ဆာန်​၏​အဆီ​ကို ငါ​မလို​တော့​ပြီ​။ နွားထီး​၊ သိုးသငယ်​၊ ဆိတ်ထီး​တို့​၏​သွေး​ကို​လည်း ငါ​မ​နှစ်သက်​။ 12သင်​တို့​သည် ငါ့​ထံ၌ မျက်နှာလာပြ​ကြ​သောအခါ ငါ့​အိမ်​တော်​ဝင်း​ကို နင်းချေ​၍ ထိုသို့သော​ယဇ်​ကို​ပူဇော်​ရန် မည်သူ​တောင်းဆို​သနည်း​။ 13အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။ 14ငါ့​ဝိညာဉ်​သည် သင်​တို့​ကျင်းပ​သော လဆန်းနေ့ပွဲ​များ​၊ သတ်မှတ်​ထား​သော​ပွဲ​များ​ကို မုန်း​၏​။ ငါ့​အတွက် ဝန်ထုပ်ဝန်ပိုး​ကဲ့သို့​ဖြစ်​၏​။ ငါ​ထမ်း​ထား​ရ​သည်​မှာ ပင်ပန်း​လှ​၏​။ 15သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း#1:15 တိုက်ရိုက်ပြန်ဆိုလျှင် “သွေးနှင့်ပြည့်”။​လျက်​ရှိ​၏​။
ဂျေရုဆလင်မြို့ကို သန့်ရှင်းစင်ကြယ်စေခြင်း
16ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။ 17ကောင်း​သော​အမှု​ကို​ပြု​ရန် သင်ယူ​ကြ​လော့​။ တရားမျှတမှု​ကို ရှာ​ကြ​လော့​။ အဖိနှိပ်​ခံရ​သူ​ကို ကူမ​ကြ​လော့​။ ဖတဆိုး​ဘက်​မှ တရားသဖြင့်စီရင်​ကြ​လော့​။ မုဆိုးမ​ဘက်​မှ ရင်ဆိုင်ဖြေရှင်း​ပေး​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ 18ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ 19သင်​တို့​သည် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် နာခံ​ကြ​လျှင် မြေကြီး​၏​အကောင်းဆုံး​သော​အရာ​ကို စား​ရ​မည်​။ 20သို့သော် သင်​တို့ ငြင်းဆန်​ပုန်ကန်​ကြ​လျှင် ဓား​ဖြင့်​အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဤသည်ကား ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ဖြစ်​၏​။ 21သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။ 22သင်​၏​ငွေ​သည် ချော်​ဖြစ်သွား​ပြီ​။ သင်​၏​အကောင်းဆုံးဝိုင်​သည် ရေ​နှင့်​ရော​လေ​ပြီ​။ 23သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။ 24ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​တို့​၏​တန်ခိုးကြီး​သော​အရှင်​က “​ငါ့​ကို​ရန်ပြုသောသူ​တို့​ကို ငါ​ကျေနပ်​သည်​အထိ ငါ​ပြု​မည်​။ ငါ့​ရန်သူ​တို့​ကို ငါ​ကိုယ်တိုင် လက်တုံ့ပြန်​မည်​။ 25ပြီးလျှင် ငါ့​လက်​ကို သင့်​အပေါ်​သို့ ပြန်ရောက်​စေ​မည်​။ သင်​၌​ကပ်​နေ​သော​ချော်​ကို ပြာရည်​ဖြင့်​ချွတ်ပစ်​၍ သင်​၌​ရောနေသောခဲ​ကို ငါ​အကုန်​ဖယ်ရှား​မည်​။ 26သင်​၏​တရားသူကြီး​တို့​ကို ယခင်​က​ကဲ့သို့​၊ သင်​၏​အကြံပေးသူ​တို့​ကို မူလအစ​က​ကဲ့သို့ ပြန်လည်​ခန့်ထား​မည်​။ သို့ပြီးမှ သင်​၏​မြို့​ကို ဖြောင့်မတ်​သော​မြို့​၊ သစ္စာရှိ​သော​မြို့​ဟု ခေါ်ဝေါ်​ကြ​မည်​”​ဟု မိန့်​တော်မူ​၏​။ 27ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ 28ဆန့်ကျင်ပုန်ကန်​သူ​နှင့် အပြစ်​ကျူးလွန်​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို စွန့်ခွာ​သော​သူ​တို့​သည် အပြီးသတ်​သုတ်သင်​ခြင်း​ခံရ​မည်​။ 29အကယ်စင်စစ် သူ​တို့​သည် သင်​တို့​တပ်မက်​ခဲ့​သော​ဝက်သစ်ချပင်​တို့​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ သင်​တို့ ရွေးချယ်​ခဲ့​သော​ဥယျာဉ်​တို့​ကြောင့် မျက်နှာပျက်​ရ​လိမ့်မည်​။ 30အမှန်ပင် သင်​တို့​သည် အရွက်​ညှိုးနွမ်း​သော​သပိတ်ပင်​ကဲ့သို့​၊ ရေ​မ​ရှိ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ 31ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ