YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 2

2
1သင်​တို့​၏​ညီအစ်ကို​တို့​ကို “ငါ့​လူမျိုး”​၊ သင်​တို့​၏​နှမ​တို့​ကို “ငါ့​ချစ်သူ​”​ဟု ခေါ်​ကြ​လော့​။
အိမ်ထောင်ရေးဖောက်ပြန်သောအစ္စရေးလူမျိုးကို ပြစ်တင်ဆုံးမခြင်း
2“သင်​တို့​၏​မိခင်​ကို အပြစ်တင်​ကြ​။ သူ​သည် ငါ့​မယား​မ​ဟုတ်​။ ငါ​သည်​လည်း သူ့​ခင်ပွန်း​မ​ဟုတ်​ကြောင်း ပြောပြ​ကြ​လော့​။ ပြည့်တန်ဆာ​လုပ်ရပ်​တို့​ကို#2:2 တိုက်ရိုက်ပြန်ဆိုလျှင် “ပြည့်တန်ဆာမျက်နှာတို့ကို”။ ဖယ်ရှား​၍ သူ့​သားမြတ်​နှင့် မှားယွင်းမှုပြု​ခြင်း​ကို ရပ်တန့်​စေ​လော့​။ 3သို့မဟုတ်လျှင် ငါ​သည် သူ့​အဝတ်​ကို​ချွတ်ပစ်​၍ သူ​မွေးလာ​သော​နေ့​က​ကဲ့သို့ အဝတ်အချည်းစည်း​ဖြစ်​စေ​မည်​။ တောကန္တာရ​ကဲ့သို့ ဖြစ်စေ​၍ ခြောက်သွေ့​သော​မြေ ဖြစ်​စေ​မည်​။ ရေငတ်​သေ​စေ​မည်​။ 4သူ့​သားသမီး​တို့​သည်​လည်း ပြည့်တန်ဆာ​သားသမီး​ဖြစ်​သောကြောင့် သူ​တို့​ကို ငါ​သနားစုံမက်​မည်​မ​ဟုတ်​။ 5သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။ 6ထို့ကြောင့် သူ​သွား​မည့်​လမ်း​ကို ဆူးပင်​များ​နှင့် ငါ​ကာ​ထား​မည်​။ သူ​သွား​မည့်​လမ်း​ကို ရှာ​မ​တွေ့​အောင် တံတိုင်း​ကာ​ထား​မည်​။ 7သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။ 8သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။ 9ထို့ကြောင့် ရိတ်သိမ်း​ချိန်​တွင် ကောက်ပဲသီးနှံ​ကို​လည်းကောင်း​၊ စပျစ်သီး​ပေါ်ချိန်​တွင် စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း ငါ​ပြန်​သိမ်းယူ​မည်​။ သူ့​အရှက်​ကို​ဖုံး​ပေး​သော သိုးမွေး​နှင့် ချည်ချော​တို့​ကို​လည်း ငါ​ချွတ်ပစ်​မည်​။ 10ယခုမှာ သူ့​ချစ်သူ​များ​ရှေ့​တွင် သူ့​အရှက်​ကို ပေါ်​စေ​မည်​။ မည်သူ​မျှ သူ့​ကို ငါ့​လက်​မှ​ကယ်​နိုင်​မည်​မ​ဟုတ်​။ 11သတ်မှတ်​ထား​သည့်​ပွဲတော်​များ​ဖြစ်​သော လဆန်း​နေ့​ပွဲတော်​၊ ဥပုသ်နေ့​ပွဲတော်​၊ သူ​ကျင်းပ​သော​ပွဲ​အားလုံး​ကို​လည်း အဆုံးသတ်​ပစ်​မည်​။ 12‘​ငါ့​ချစ်သူ​တို့​က ငါ့​ကို​လက်ဆောင်​ပေး​သည်​’​ဟုဆို​သည့် သူ​၏​စပျစ်ပင်​၊ သဖန်းပင်​တို့​ကို​လည်း ငါ​ဖျက်ဆီး​၍ တောအုပ်​ဖြစ်စေ​ကာ တောရိုင်းတိရစ္ဆာန်​တို့ ကျက်စား​ရာ​ဖြစ်စေ​မည်​။ 13သူ​သည် ဗာလ​ဘုရား​ပွဲ​နေ့​များ​၌ နံ့သာပေါင်း​ကို​မီးရှို့​၍ နှာကွင်း​နှင့် လက်ဝတ်ရတနာ​ကို​ဆင်မြန်း​လျက် ချစ်သူ​များ​နောက်သို့​လိုက်​ပြီး ငါ့​ကို​မေ့လျော့​သည့်​အတွက် သူ့​အား ငါ​ဒဏ်ခတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
အိမ်ထောင်ရေးဖောက်ပြန်သောအစ္စရေးလူမျိုးကို ခွင့်လွှတ်ခြင်း
14သို့သော် ထာဝရဘုရား​က “ယခုမူ သူ့​ကို​ငါ​ဖျောင်းဖျ​မည်​၊ တောကန္တာရ​သို့ ခေါ်သွား​မည်​၊ သူ့​အား မေတ္တာ​ဖြင့် ပြောဆို​မည်​။ 15ထို​အရပ်​တွင် သူ့​စပျစ်ခြံ​ကို ငါ​ပြန်ပေး​မည်​။ အာခေါ်#2:15 “ဒုက္ခ”ဟူသောအဓိပ္ပာယ်ရှိ၏။​ချိုင့်ဝှမ်းလွင်ပြင်​ကို မျှော်လင့်ရာ​တံခါး ဖြစ်​စေ​မည်​။ သူ​သည် ငယ်ရွယ်​စဉ်က​ကဲ့သို့​၊ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ်က​ကဲ့သို့ ငါ့​ကို ပြန်​ဆက်ဆံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 16တစ်ဖန် ထာဝရဘုရား​က “​ထို​နေ့​တွင် သင်​သည် ငါ့​ကို ‘​သခင်​’​ဟု မ​ခေါ်​တော့​ဘဲ ‘​ခင်ပွန်း​’​ဟု ခေါ်​လိမ့်မည်​။ 17ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။ 18ထို​နေ့ရက်​တွင် သူ​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ မြေ​ပေါ်ရှိ​တွားသွားသောသတ္တဝါ​များ​နှင့် ပဋိညာဉ်​ဖွဲ့​စေ​မည်​။ လေး​၊ ဓား​၊ စစ်ပွဲ​တို့​ကို မြေ​ပေါ်မှ​ဖယ်ရှား​မည်​။ သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်စက်​ခွင့်​ရ​လိမ့်မည်​။ 19သင့်​ကို ထာဝရ​ဇနီး​ဖြစ်စေ​မည်​။ သင့်​ကို ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ ချစ်ခြင်းမေတ္တာ​နှင့် သနားစုံမက်​ခြင်း​ဖြင့် လက်ထပ်ယူ​မည်​။ 20သင့်​ကို​သစ္စာရှိရှိ လက်ထပ်ယူ​မည်​။ သင်​သည်​လည်း ထာဝရဘုရား​ကို သိကျွမ်း​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 21တစ်ဖန် ထာဝရဘုရား​က “ထို​နေ့ရက်​တွင် ငါ​ထူး​တော်မူ​မည်​။ ငါ​သည် မိုးကောင်းကင်​ကို ထူး​တော်မူ​မည်​။ မိုးကောင်းကင်​လည်း မြေကြီး​ကို ထူး​လိမ့်မည်​။ 22မြေကြီး​သည် ဆန်စပါး​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို ထူး​လိမ့်မည်​။ ထို​အရာ​တို့​သည်​လည်း ယေဇရေလ#2:22 “ဘုရားသခင် မျိုးကြဲလိမ့်မည်”ဟူသောအဓိပ္ပာယ်ရှိ၏။​ကို ထူး​လိမ့်မည်​။ 23သူ့​ကို မြေ​ပေါ်တွင် ကြဲ​မည်​။ ကရုဏာ​မ​ခံစား​ရ​သူ​ကို ကရုဏာ​ပြ​မည်​။ ငါ့​လူ​မ​ဟုတ်​သော​သူ​ကို ‘သင်​သည် ငါ့​လူ​ဖြစ်​သည်’​ဟု ပြော​မည်​။ သူ​က​လည်း ‘ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင် ဖြစ်​သည်’​ဟူ၍ ဆို​လိမ့်မည်”#ရော 9:25။​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။