YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 10

10
စပျစ်ပင်နှင့်နွားသငယ်
1အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။ 2သူ​တို့​သည် စိတ်နှလုံး​မိုက်မဲ​ကြ​၏​။ ယခုမှာ အပြစ်ဒဏ်​ခံရ​တော့​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ယဇ်ပလ္လင်​တို့​ကို ဖြိုချ​ပြီး အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို ဖျက်ဆီး​တော်မူ​မည်​။ 3သူ​တို့​က “​ငါ​တို့​သည် ထာဝရဘုရား​ကို မ​ကြောက်ရွံ့​ကြ​သောကြောင့် ငါ​တို့​၌ ရှင်ဘုရင်​မ​ရှိ​တော့​ပြီ​။ ရှင်ဘုရင်​ရှိ​လျှင်​လည်း ငါ​တို့​အဖို့ မည်သို့​ပြု​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​လိမ့်မည်​။ 4သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ 5ရှမာရိ​မြို့သား​တို့​သည် ဗေသဝင်​နွားမတမ်း​ရုပ်တု​ကြောင့် ကြောက်ရွံ့​နေ​ကြ​၏​။ ထို​ရုပ်တု​၏​ဘုန်းအသရေ​ကွယ်ပျောက်​သွား​ပြီ​ဖြစ်၍ ရှမာရိ​မြို့သား​များ​သည် ငိုကြွေး​၍ ထို​ရုပ်တု​၌​မွေ့လျော်​သော​ယဇ်ပုရောဟိတ်​များ​သည် မြည်တမ်း​ကြ​လိမ့်မည်​။ 6ထို​ရုပ်တု​သည် အဆီးရီးယား​ပြည်​ရှိ ယာရက်​မင်းကြီး​ထံသို့ လက်ဆောင်​အဖြစ် ယူဆောင်​သွား​ခြင်း ခံရ​လိမ့်မည်​။ ဧဖရိမ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ အစ္စရေး​သည် မိမိ​အကြံအစည်​ကြောင့် အရှက်ခွဲ​ခံရ​လိမ့်မည်​။ 7ရှမာရိ​သည် ပျက်စီး​၍ သူ​၏​ဘုရင်​သည်​လည်း ရေပြင်​ပေါ် မျောပါ​သွား​သော​သစ်ခက်​ကဲ့သို့ ဖြစ်​ရ​လိမ့်မည်​။ 8အစ္စရေး​အပြစ်​ပြု​ရာ​ဖြစ်​သည့် အာဝင်​မြို့​ရှိ​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဆူးပင်​နှင့် ဆူးလေပင်​များ​က ဖုံးလွှမ်း​နေ​လိမ့်မည်​။ ထိုအခါ သူ​တို့​က တောင်​များ​အား “​ငါ​တို့​ကို ဖုံးအုပ်​ကြ​ပါ​”#လု 23:30၊ ဗျာ 6:16။ တောင်ကုန်း​များ​အား “​ငါ​တို့​အပေါ် ပြိုကျ​ကြ​ပါ​”​ဟု ဆို​ကြ​လိမ့်မည်​။
အပြစ်ကြောင့် အစ္စရေးကျရှုံးရခြင်း
9“အို အစ္စရေး​၊ သင်​သည် ဂိဗာ​မြို့​တွင်​နေစဉ်​ကာလ အပြစ်ပြု​ကြ​၏​။ အပြစ်ပြု​သူ​တို့​သည် ထို​အရပ်​၌ ဆက်​နေ​ကြ​၏​။ ဂိဗာ​မြို့​တွင် စစ်​ဖြစ်​စဉ်က သူ​တို့​ကို မ​နှိမ်နင်း​နိုင်​ခဲ့​ပေ​။ 10ငါ​စိတ်တိုင်းကျ သူ​တို့​ကို ဆုံးမ​မည်​။ သူ​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​နှစ်​မျိုး​ထဲ၌ နစ်မွန်း​နေ​စဉ် လူမျိုးခြား​တို့​သည် စုရုံး​၍ သူ​တို့​ကို​ဆန့်ကျင်​တိုက်ခိုက်​ကြ​လိမ့်မည်​။ 11ဧဖရိမ်​အမျိုး​သည် တလင်းနယ်​ရာ​တွင် ကျင့်သား​ရ​သော​နွားမတမ်း​ဖြစ်​၏​။ တလင်းနယ်​ရ​သည်​ကို​လည်း​နှစ်သက်​သဖြင့် ငါ​သည် ချောမွတ်​သော​သူ့​လည်ပင်း​ပေါ်တွင် ထမ်းပိုးတင်​မည်​။ ငါ​သည် ဧဖရိမ်​အမျိုး​ကို ထမ်းပိုးထမ်း​စေ​မည်​။ ယုဒ​အမျိုး​ကို လယ်ထွန်​စေ​မည်​။ ယာကုပ်​အမျိုး​ကို ထယ်ထိုး​စေ​မည်​။” 12ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။ 13သင်​တို့​သည် ဆိုးယုတ်မှု​ကို စိုက်ပျိုး​သောကြောင့် မတရားမှု​ကို​ရိတ်သိမ်း​ရ​၏​။ မုသား​အသီး​ကို စား​ရ​၏​။ အကြောင်းမှာ ကိုယ့်​နည်းလမ်း​၊ ကိုယ့်​စစ်သူရဲ​အလုံးအရင်း​ကို​သာ ယုံကြည်အားကိုး​ကြ​၏​။ 14ရှာလမန်​မင်းကြီး​သည် ဗေသာဗေလ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​စဉ်က မိခင်​နှင့် သားသမီး​များ​ကိုင်ပေါက်​ခံရ​သကဲ့သို့ သင်​၏​လူမျိုး​တို့​တွင် အုတ်အုတ်ကျက်ကျက်​အသံ​များ ထွက်ပေါ်​လာ​လိမ့်မည်​။ သင်​၏​ခံတပ်​မြို့​များ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 15အို ဗေသလ​မြို့​၊ သင်​တို့​ပြု​ခဲ့​သော​မကောင်းမှု​ဒုစရိုက်​များ​ကြောင့် သင်​တို့​၌ ထိုသို့​ဖြစ်​လိမ့်မည်​။ အရုဏ်ဦး​၌​ပင် အစ္စရေး​ဘုရင်​သည် ရှင်းရှင်း​ဖျက်ဆီး​ခြင်း​ခံရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ